အစိုးရစစ်တပ် ကချင်ရွာသား ၁၂ ဦးကိုဖမ်းဆီး

အစိုးရစစ်တပ် ကချင်ရွာသား ၁၂ ဦးကိုဖမ်းဆီး
by -
မဇ္စျိမသတင်းဌာန

ချင်းမိုင်(မဇ္စျိမ) ။        ။ မြန်မာအစိုးရစစ်တပ်က ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ နမ့်ဖတ်ခ ကျေးရွာသား ကချင် ၁၂ ဦးကို ဖမ်းဆီး ထားသည်ဟု ကချင်လွတ်မြောက်ရေး အဖွဲ့ပြောခွင့် ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

ဖမ်းဆီးခံရသူများ စာရင်း
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ မိုးမောက်မြို့နယ် တာပိန်ရေအားလျှပ်စစ် စီမံကိန်းနှင့် ၁ဝ မိုင်အကွာရှိ နမ့်ဖတ်ခရွာ အခြေစိုက် ခမရ ၃၈၇ တပ်ဖွဲ့များက အသက် ၁၄ နှစ်မှ ရဝ နှစ် အကြားရှိ အမျိုးသားများကို ကြိုးတုတ်ကာ ယင်းတို့၏ တပ်စခန်းသို့ ခေါ်ဆောင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။

KIO အဖွဲ့နှင့်ဆက်စပ်မှုရှိ၊ မရှိ သံသယဖြင့် ဖမ်းဆီး၏ ခေါင်းဆောင်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ယူဆကြသည်။

“သူတို့ ပြောနေတဲ့ ဒီမိုကရေစီ လမ်းစဉ် သွားတယ် ဆိုပေမဲ့ အစိုးရတပ်ဖွဲ့တွေက ဒေသခံတွေကို ဖမ်းဆီး၊ နှိပ်စက် တာတွေ လုပ်နေတာ။ ပစ်ချင်ရင် ကေအိုင်အို ကို လာပစ်လေ။ ”ဟု ဦးလနန်က ပြောသည်။

အလားတူပင် သြဂုတ်လ အတွင်းကလည်း မန်စီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်းခလရ ၁ဝ၅ နှင့် ခလရ ရ၅ တပ်ဖွဲ့များက KIO နှင့် ဆက်သွယ်ခြင်း၊ အကူအညီပေးခြင်းများ ရှိ၊ မရှိ ဖမ်းဆီး မေးမြန်းမှုများ ရှိခဲ့သည်ဟု ကချင်အမျိုးသမီး အစည်းအရုံး အဖွဲ့ဝင် ဒေါ်မိုင်းဂျာကပြောသည်။

“ကေအိုင်အိုကို ကူညီသလားဆိုပြီးတော့ ဖမ်းပြီး သက်သေ အထောက်အထား မတွေ့ဘူး ဆိုရင် ပြန်လွတ်ပေး။" ဟု မိုင်ဂျာယန်နေ ဒေါ်မိုင်းဂျာက ပြောသည်။

KIO အဖွဲ့များနှင့် ပြည်နယ်အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ အကြား ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့ထိ သုံးကြိမ် တွေ့ဆုံခဲ့ကြသော်လည်း သဘောတူညီမှု မရသေးသဖြင့် ဆွေးနွေးမှုကို ယခုထိ ရပ်ဆိုင်းထားသည်။

Most read this week