နယူးဒေလီ (မဇ္စျိမ) ။ ။ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများ၏ အင်တာနက်ဝက်ဘ် ဆိုက်များ အပါအဝင် ပိတ်ပင်ထားခဲ့သောဝက်ဘ် ဆိုက်အများစုကို မြန်မာနိုင်ငံတွင်းမှကြာသပတေး နေ့မှစတင်၍ တိုက်ရိုက် ဖတ်ရှု၍ ရနေပြန်သည်။
သို့သော် မဇ္စျိမ သတင်းဌာန၏ အင်္ဂလိပ်၊ မြန်မာဝက်ဘ်ဆိုက်များကိုမူ ကုမ္ပဏီအများစုသို့ ဦးတည်ချ ပေးသောနိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေး MPT အင်တာနက်လိုင်းတွင် ဖွင့်မရသေးဘဲ ရတနာပုံလိုင်းတွင်သာ ကြည့်ရှုရနိုင်သည်ဟု ရန်ကုန်မြို့ခံ အင်တာနက် သုံးစွဲသူများက ဆိုသည်။
MPT နှင့် ရတနာပုံတယ်လီပို့စ်လိုင်း နှစ်ခုစလုံး၌ ဒီဗီဘီ၊ ဧရာဝတီတို့၏ ဝက်ဘ်ဆိုက်များ ဖွင့်လှစ်ရနေပြီ ဖြစ်သည်။
မြန်မာပိုင်း ရေဒီယိုအသံလွှင့်ဌာနများ သီးခြားရှိသော RFA, BBC နှင့် VOA တို့၏ အင်တာနက်ဝက်ဘ်ဆိုက် များလည်း ပွင့်နေပြီး ဘလော့ဂ် ရေးသားနိုင်သော Blogspot, Blogger နှင့် ဗီဒီယိုမျှဝေသော YouTube ဝက်ဘ်ဆိုက်၊ Hotmail, Yahoo များမှာလည်း လိုင်းနှစ်ခုစလုံး၌ ဖွင့်၍ ရနေသည်။ ဂါးဒီးယန်း၊ ဘန်ကောက်ပို့စ်၊ ရိုက်တာ၊ CNN စသည့် နိုင်ငံခြား သတင်းဌာန ဝက်ဘ်ဆိုက် အားလုံးလည်း ပွင့်နေသည်။
မြန်မာအစိုးကို ထောက်ပြ ဝေဖန်လေ့ ရှိသည့် သတင်းဝက်ဘ်ဆိုက်များ၊ ဘလော့ဂ်များကို ၂ဝဝဝ ပြည့်နှစ်
ကတည်းက ပိတ်ပင်ထားခဲ့ပြီး အချို့ကိုမူ ၂ဝဝ၇ ခုနှစ် “ရွှေဝါရောင်တော်လှန်ရေး” ကာလမှစ၍ပိတ်ထား ခဲ့ခြင်းဖြစ်သည်။
ယခုပြန်ပွင့်နေချိန်မှာ အစိုးရအဖွဲ့က ပထမဆုံးအကြိမ်ပြုလုပ်သည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ကျင်းပနေ ချိန်နှင့် တိုက်ဆိုင်နေသည်။ သြဂုတ်လကုန်ပိုင်းကလည်း ပြည်ပအခြေစိုက် သတင်းဌာနအချို့၏ဝက်ဘ် ဆိုက်များ ကြည့်ရှုခွင့် ရခဲ့သော်လည်း ရက်ပိုင်းအတွင်းပင် ပြန်လည်ပိတ်သွားခဲ့သည်။
သို့သော်လည်း Proxy ခေါ် ကြားခံဆာဗာကို အသုံးပြု၍ ပိတ်ပင်ထားသော ဝက်ဆိုက်များဖတ်ရှုလေ့လာ မှုမှာ အမြဲရှိနေသည်။
“ဒါကတော့ စမ်းနေတဲ့ သဘောလို့ ကျနော်တော့ ထင်တယ်။ ဖွင့်လိုက်တဲ့အချိန်မှာ ဘယ်နှစ်ယောက် ဝင်သုံးတာလဲ ဆိုတာ သိချင်လို့လည်း ဖြစ်နိုင်တယ်။ နောက်ပြီး ဒီမှာက ဘယ်နေရာပဲ ကြည့်ကြည့်၊ ဖွင့်လိုက် ပိတ်လိုက်ပဲလေ။” ဟု ပြည်တွင်းအခြေစိုက် အယ်ဒီတာတဦးက ရှုမြင်သည်။
အင်တာနက်မြန်နှုန်းမှာမူ ယခင်ကထက် လျော့ကျနေပြီး နေရာအချုုိ့တွင် အမြင့်ဆုံး ၁ဝ kbps သာ ရှိသည်ဟု သိရသည်။
“ Gtalk ကို ကျနော် ဝင်နေတာ မိနစ် ၃ဝ ရှိပြီ။ မရသေးဘူး” ဟု တောင်ဥက္ကလာပမြို့နယ်ရှိ အင်တာနက် ပိုင်ရှင် တဦးက ပြောသည်။
မြန်မာနိုင်ငံတွင် အမြင့်ဆုံးမြန်နှုန်းမှာ ၅၁၂ kbps အဆင့်သာရှိပြီး လာမည့်နှစ်တွင် ၁ Mps အထိ တိုးမြှင့်သွားရန် စီစဉ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူပေါင်း ၄ သိန်းကျော်ခန့်ရှိပြီး၊ မှတ်ပုံတင်ထားသော အများပြည်သူသုံး အင်တာနက်ဆိုင် PAC ပေါင်း ၈ဝ၂ မြန်မာအင်ဖိုတက်ခ်၏ ၂ဝ၁၁ ဖေဖော်ဝါရီလကုန် စာရင်းများအရ သိရသည်။
PAC လိုင်စင် လျှောက်ထားရာတွင်လည်း ပြည်ပ သတင်းမီဒီယာများကို ဝင်ရောက် မကြည့်ရှုရန်အတွက် စည်းကမ်းချက်များဖြင့် ကန့်သတ်ထားခဲ့ပြီး နိုင်ငံတော် လုံခြံုရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေမည့် သတင်း အချက်အလက်များကို ပေါက်ကြားမှု မရှိစေရန် ဆောင်ရွက်ရမည်ဟု ကန့်သတ်ထားသည်။ ယခု အဆိုပါ စည်းကမ်းများကို ရုပ်သိမ်းမှု ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။