ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာနိုင်ငံတွင်စာပေစိစစ် ရေး၏ အခန်းကဏ္ဍသည် လိုအပ်နေဆဲဖြစ်ပြီးမီဒီ ယာ လွတ်လပ်ခွင့် မပေးနိုင်သေးဟု ဗုဒ္ဓဟူးနေ့ ပြည်ထောင်စု အောက်လွှတ်တော် အစည်းအဝေး တွင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်မှ အောက်လွှတ်တော် အမတ် ဦးသိန်းညွန့်က "သတင်းမီဒီယာများ၏ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဖြန့်ဝေခွင့်စသည့် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေတရပ် ပြဋ္ဌာန်းပေးရန်" အဆိုကို ဗုဒ္ဓဟူးနေ့က လွှတ်တော် ဆွေးနွေးပွဲတွင် ဝန်ကြီးဦးကျော်ဆန်းကဖြေကြားခဲ့ခြင်း ဖြစ်သည်။
“စာပေစိစစ်ရေး၏ အခန်းကဏ္ဍမှာ လိုအပ်နေဆဲ ဖြစ်ကြောင်း၊ တရားရုံးတွင် ဥပဒေအရ ရင်ဆိုင်ရ မည်ဆိုပါက မီဒီယာသမားများတွက် ထိခိုက်နစ်နာမှု ပိုမိုကြီးမားနိုင်ကြောင်းနှင့် ယနေ့ စာပေစိစစ်ရေးက တိုင်းပြည်နှင့် လူမျိုး အကျိုးအတွက် မသင့်မလျော် ရေးသားမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းပေး နေခြင်းသည် စာပေလောကသားများ၏ အကျိုး၊ ပြည်သူအကျိုးအတွက် ဆောင်ရွက်ပေးနေခြင်းသာ ဖြစ်သည်ကို တွေ့နိုင်ပါကြောင်း” ဟု ဝန်ကြီး ဦးကျော်ဆန်း၏ ပြောဆိုမှုကို ကြာသပတေးနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
ယင်းအပြင် “၁၉၈၈ ခုနှစ် အရေးအခင်း ကာလအတွင်းကလို ရေးချင်သလိုရေး၊ ထုတ်ချင်သလို ထုတ်ခဲ့ကြသည့် အခွင့်အရေးမျိုး ရနိုင်မည် မဟုတ်ပါကြောင်း၊ လွတ်လပ်မှုကို အလွဲသုံးစားပြုပြီး မမှန်မကန် ဇာတ်လမ်းဆင် လုပ်ကြံရေးသား ထုတ်လွှင့်မှုများ ရှိခဲ့မှုကြောင့် နိုင်ငံတဝန်း ဆိုးရွာသည့် ဖြစ်ရပ်များနှင့် ကြံုတွေ့ခဲ့ရသည်ကို မမေ့စေလိုကြောင်း” ဝန်ကြီး ဦးကျော်ဆန်းက ထည့်သွင်း ပြောဆိုသွားသည်။
ဦးသိန်းညွန့်၏ အဆိုအပေါ် ဝန်ကြီးဦးကျော်ဆန်းက ဖြေကြားရာတွင် မီဒီယာလွတ်လပ်ခွင့်ကို မပေးချင် သေးကြောင်း ဘုရားလောင်း ဆန္ဒန်ဆင်မင်း အကြောင်းကိုသာ ဥပမာပေးကာ ပြောသွားခြင်းကား အမတ်များအကြား ပြောစမှတ် တွင်နေသည်။
“သူပြောတဲ့အဓိပ္ပါယ်က ကျနော်တို့ ဒီမိုကရေစီလုပ်တယ်ဆိုတာ နုသေးတယ်။ အတွေ့အကြံုလေးလိုသေး တယ်တဲ့။ အဲတာကြောင့် ထိန်းဖို့သိမ်းဖို့ လိုအပ်သေးတယ်၊ ဆန္ဒန်ဆင်မင်း အဆွယ်ပြတ်တဲ့ ကိစ္စက သူ့ရဲ့ မိဖုရားပေါ် ခါချဉ်ကျရာက စတယ်ပေါ့။ ဆိုလိုရင်းကတော့ မီဒီယာတွေကို အကာကွယ်ပေးတဲ့ ဥပဒေ ပြဋ္ဌာန်းပေးဖို့လောလောဆယ် အဲဒါပေးဖို့ မသင့်သေးဘူး ဆိုတာပေါ့ဗျ” ဟု အခြား ပြည်သူ့လွတ်တော် အမတ်တဦးက
ပြောသည်။
သို့သော် ဝန်ကြီး ဦးကျော်ဆန်း နာရီဝက်ကျော်ကြာ ပြောဆိုခဲ့မှုကို ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ဝေ သော နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားခြင်း မရှိခဲ့သလို၊ အခြား အမတ်များ၏ဆွေးနွေးချက်များ ကိုလည်း ဖော်ပြခြင်း မရှိပါ။
ဆဒ္ဒန်ဆင်မင်းဝတ္ထုတွင် ဆင်မင်းမှ မိဘုရားဖြစ်သူ စူဠသုဘဒ္ဒါကို ကျီစယ်သည့်အနေဖြင့် အင်ကြင်းပန်းများ စူဠသုဘဒ္ဒါ ပေါ်သို့ ကျဲချရာ ခါချဉ်ကောင်ပါသွားပြီး စူဠသုဘဒ္ဒါကို ကိုက်ခဲရာမှ အငြိုးထားကာနောက် ဘဝတွင် ဆင်မင်း၏ အစွယ်ကို နားဌောင်းလုပ် ပန်ရစေလိုကြောင်း ဆုတောင်းရာမှ ဇာတ်လမ်းစခဲ့သည်။ စူဠသုဘဒ္ဒါ ကွယ်လွန်ပြီး ဘုရင်တပါး၏ မိဘုရားဖြစ်လာပြီးနောက် ဆဒ္ဒန်ဆင်မင်း၏ အစွယ်ကို ရလိုကြောင်း ဘုရင်ကိုတောင်းဆိုရာမှ ဆဒ္ဒန်ဆင်မင်း၏ အစွယ် အဖြတ်ခံရသည်အထိ ဖြစ်ခဲ့ရပြီး ဆဒ္ဒန် ဆင်မင်းပါ အသက်ဆုံးပါးခဲ့ရသည်။
ဝန်ကြီး ဦးကျော်ဆန်းက ခါချဉ်ကောင်မှ စခဲ့သည့် ဇာတ်လမ်းသည် ဆင်မင်းပါ အစွယ်ပြတ်ကာအသက်ဆုံး ခဲ့ရသည် အထိ ဖြစ်ခဲ့ပုံကို လက်ဟန်ခြေဟန်ဖြင့် ပြောဆိုခဲ့သည်ဟု အမတ်တဦးက ပြောသည်။
ဦးကျော်ဆန်းက အချိန်ကြာကြာ ပြောဆိုနေသဖြင့် အောက်လွှတ်တော် ဥက္ကဌဦးသူရရွှေမန်းက ဝင်ရောက် ဟန့်တားခဲ့ရသည်ဟုလည်း အမတ်များက ပြောသည်။
သတင်းမီဒီယာသမားများအတွက် မိမိ၏ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ရေးသားဖော်ပြနိုင်ရန် မီဒီယာဆိုင်ရာ ဥပဒေကြမ်း ပြဋ္ဌာန်းနိုင်ရေး ပြင်ဆင်ချက်များကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ အကြံပြု တင်ပြထားပြီး ဖြစ်၍ ဦးသိန်းညွန့်၏ အဆိုကို လွတ်တော်မှ မှတ်တမ်းတင်ထားရန် ဆုံးဖြတ်ခဲ့သည်။
ဗုဒ္ဓဟူးနေ့ လွတ်တော်ဆွေးနွေးပွဲတွင် ဦးသိန်းညွန့်၏ အဆိုပြုချက်ကို အမတ် ၄ ဦးက ဆွေးနွေးခဲ့ရာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပေါင်းတည်မဲဆန္ဒနယ်မှ ဦးအောင်မြင့်သိန်းနှင့် လှိုင်သာယာမြို့နယ်မဲဆန္ဒ နယ်မှ ဦးဉာဏ်ဝင်းတို့၂ ဦးက ယင်းအဆိုကို ကန့်ကွက်ခဲ့သည်။
ပထမအကြိမ် ပြည်သူ့လွတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် ပြည်တွင်း၊ ပြည်ပရှိသတင်းမီဒီယာ သမားများကို ဝင်ရောက် သတင်းယူခွင့် ပြုခဲ့သော်လည်း ပြန်လည် ရေးသားထုတ်ပြန်ရာတွင် အစိုးရသစ်၏ မူဝါဒနှင့် ပတ်သက်သည့် ထောက်ပြချက်၊ ဝေဖန်ချက်များကို စာပေစိစစ်ရေးက ဖြတ်တောက်ခဲ့သည်ဟု လွှတ်တော် သတင်းယူခဲ့သည် ပြည်တွင်း သတင်းထောက်များက ယခင်က မဇ္စျိမကို ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့ကပြည်သူ့လွတ်တော် ဥက္ကဌ သူရဦးရွှေမန်းက မီဒီယာလွတ်လပ်ခွင့်ကို ရှေးရှုသည့်ခြေလှမ်းတရပ်အနေဖြင့် သတင်းမီဒီယာများ၏ ဝေဖန်အကြံပြုချက်ကို ခံယူသွားမည်ဟု ပြောဆိုခဲ့သည်။