လှိုင်သာယာ အလုပ်သမားများ ဆန္ဒပြ

လှိုင်သာယာ အလုပ်သမားများ ဆန္ဒပြ
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္စျိမ) ။        ။ ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုံ (၃) ရှိ  Esquire ဖိနိပ်စက်ရုံမှအလုပ်သမား များမှ အလုပ်မဆင်းဘဲ ဆန္ဒပြကာ လုပ်ခတိုး တောင်းမှုတခု အင်္ဂါနေ့က ဖြစ်ပွားခဲ့သည်ဟု မျက်မြင်သက်သေ များကပြောသည်။

၂၀၁၀ ခုနှစ်ဖေဖေါ်ဝါရီတွင် လှိုင်သာယာ စက်မှုဇုံ ၃ ရှိ စက်ရုံများတွင်လုပ်ခလစာ တိုးမြှင့်ပေးရန် အလုပ်သမားများ ဆန္ဒပြကြသည်ကို တွေ့ရစဉ် (ဓါတ်ပုံ- မဇျွိမ)

လုပ်ငန်းခွင် ပုံမှန်ဆင်းသူများအား ဆုကြေးအဖြစ်ပေးနေခဲ့သည့် ‘ရက်မှန်ကြေး’ ကို မပေးဘဲနေရာက အလုပ်သမားများက စက်ရုံဝင်းအပြင်ထွက်၍ လုပ်ငန်းခွင် မဆင်းဘဲ နေခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ကိုရီးယားနိုင်ငံသားပိုင် ဖိနပ်စက်ရုံက သြဂုတ်လအတွက် လစာကို တနင်္လာနေ့တွင် ရှင်းပေးရာ၌ ရက်မှန်ကြေး ၃,ဝဝဝ ကျပ်ကို ထည့်သွင်းမပေးရာက အလုပ်သမား ၃ဝ၅ ဦးက အင်္ဂါနေ့ မနက် ရှစ်နာရီမှစ၍ ခြောက်နာရီကြာ စက်ရုံတွင်းမဝင်ဘဲ နေကြသည်။

“အလုပ်သမားတွေ ရက်ပျက်လို့ မဟုတ်ဘူး။ အလုပ်ရှင်က သူအလုပ်ပါးတဲ့အတွက် အလုပ်တရက် နားလိုက်တယ်။ အဲဒါကို အလုပ်သမားတွေဆီက ရက်မှန်ကြေးဖြတ်လို့ အလုပ်သမားတွေက လက်မခံဘူး” ဟု အဖြစ်အပျက်ကိုတွေ့ရှိသူက ပြောသည်။

လှိုင်သာယာမြို့နယ် အလုပ်သမားဥပဒေ စိစစ်ရေးဦးစီးဌာနမှ အရာရှိများ လာရောက်ညှိ နှိုင်းပေးပြီးနောက် အလုပ်ရှင်က အပိုကြေးပြန်ပေးရန် သဘောတူခဲ့သဖြင့် ဆန္ဒပြမှု ရုပ်သိမ်းပြီး နေထိုင်ရာ အဆောင်များသို့
ပြန်သွားကြပြီ ဖြစ်သည်။ မနက်ဖြန်တွင် အလုပ်ပြန်ဆင်းကြမည်ဟု သိရသည်။

“သူတို့ လုပ်ခလစာကို တိုးပြီးတော့ တောင်းတာပါ” ဟု လှိုင်သာယာမြို့နယ် တာဝန်ကျ ရဲဝန်ထမ်းတဦးက မဇ္စျိမကိုပြောသည်။ သို့သော် ဆန္ဒပြတာ မဟုတ်ပါဟု သူက ဆိုသည်။

အလုပ်သမားများ ကိုယ်စားလှယ် ၁၃ ဦးမှာမူ နောင်ဆန္ဒပြမှုများ မလုပ်ပါဟု အလုပ်သမားဦးစီးဌာန တာဝန်
ရှိသူများထံ ဝန်ခံလက်မှတ်ထိုး ပေးရသဖြင့် ခြိမ်းခြောက်မှုတခုဟု အလုပ်သမားများက မြင်နေကြသည်။