နေပြည်တော်က ရွာနာမည်တွေ လွှတ်တော်မှာပြောင်း

နေပြည်တော်က ရွာနာမည်တွေ လွှတ်တော်မှာပြောင်း
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။     ။နေပြည်တော်ခရိုင်အတွင်း ရှိ နာမည်ဆိုး ကျေးရွာနှစ်ရွာကို ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်မှ တနင်္လာ နေ့ လွှတ်တော်တွင် ဖတ်ကြားတင်ပြပြီး နာမည် ပြောင်းလိုက်သည်ဟု လွှတ်တော် အမတ်များ က ပြောသည်။

lotdaw96

လယ်ဝေးမြို့နယ်အတွင်းရှိ မီးလောင်ကုန်းရွာကို ရွှေပြည်အေးရွာ ဟူ၍လည်းကောင်း အောင်ကလိန်ရွာကို အေးချမ်းသာရွာ ဟူ၍ လည်းကောင်း အမည်ပြောင်းလိုက်ခြင်းဖြစ်သည်။

တနင်္လာနေ့က လွှတ်တော်နှစ်ရပ်ပေါင်း ဆွေးနွေးပွဲလည်းကျင်းပသလို သီးခြားစီခွဲပြီးလည်း ဆွေးနွေးခဲ့ကြ သည်။ ဥပဒေမူကြမ်းများအတည်ပြုခြင်း၊  မြို့ရွာများ ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် အမည် ပြောင်းလဲခြင်း၊  ဝန်ကြီးဌာန အမည်ပြောင်းခြင်းတို့ကို ပြည်ထောင်စု လွှတ်တော်တွင် ပြုလုပ်ရာ မမျှော်လင့်ဘဲနှင့်အချိန် စောပြီး သဖြင့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကိုပါ ခွဲဆွေးနွေးခဲ့သည်။

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် အတွင်းတွင် ရွာတရွာ၊ ကျောက်ဆည်ခရိုင် မြစ်သာမြို့နယ်တွင် ကျေးရွာ ငါးရွာ၊ပျော်ဘွယ်မြို့နယ်တွင် ရွာနှစ်ရွာ တို့ကို တိုးချဲ့ဖွဲ့စည်းမှုလည်း ပြုလုပ်ခဲ့သည်။

ယင်းအပြင် ရှမ်းပြည်နယ်၊ ကလောမြို့နယ် အတွင်းရှိ အောင်ပန်းမြို့ကို မြို့နယ်အဖြစ် သတ်မှတ်လိုက်ပြီး  တောင်ကြီးခရိုင် ဟိုပုန်းမြို့နယ်သည် ယခင်က ရွာပေါင်း ၃၄၆ ရွာရှိရာမှ ၅၄ ရွာကို စာရင်းမှ ပယ်ဖျက်လိုက်ရာ ၂၉၂ ရွာသာ ကျန်ရစ်သည်။

မောက်မယ်မြို့ကို ယခင်က ကျေးရွာ ၂၀၂ ရွာဖြင့် ဖွဲ့စည်းထားသော်လည်း ပြင်ဆင် ဖွဲ့စည်းမှုအရ ယခုအခါ ၁ဝ၃ ရွာသာ ကျန်ရစ်သည်။

စစ်ကိုင်းတိုင်း၊ ပဲခူး၊ မွန်၊ ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာအချို့ကို ပြင်ဆင် ဖွဲ့စည်းမှုများလည်း ရှိခဲ့သည်။

သစ်တောရေးရာ ဝန်ကြီးဌာနကို “ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန"ဟု အမည် ပြောင်းလည်းခြင်းကိုလည်း ပြည်ထောင်စု လွှတ်တော်က ပြုလုပ်ခဲ့သည်။

“ တကယ်တော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ အင်မတန်မှ ကျယ်ပြန့်တာပါ သစ်တောရေးရာ ဝန်ကြီးဌာန တခုတည်းနဲ့ ဆက်စပ်တာ မဟုတ်ဘူး တကယ်တမ်းဆိုရင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ ဝန်ကြီးဌာန တခုတောင် သီးသန့် ဖွဲ့သင့်တဲ့ ဟာမျိုးပါ။ လွှတ်တော်မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဌာနပေါင်းစုံ ကိုယ်စားလှယ်ပေါင်းစုံနဲ့ ကော်မတီ တရပ်တောင် ဖွဲ့သင့်တဲ့ဟာမျိုးပါ။”  ဟု အမျိုးသားဒီမိုက ရေစီ အင်အားစုပါတီမှ ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စု လွှတ်တော်ကို နေ့လည် ၁၂ နာရီတွင်ပြီးစီးခဲ့ပြီ မွန်းလွဲပိုင်း ၁ နာရီတွင် ပြည်သူ့လွှတ်တော်နှင့်
အမျိုးသား လွှတ်တော်တို့ သီးခြားစီ ပြန်လည် ကျင်းပကြသည်။

Most read this week