ချင်းမိုင် (မဇ္စျိမ)။ ။ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ် တန်းမည့် သဘာဝ ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း လုံခြံုရေးအတွက် အာမခံချက် မရှိကြောင်း ရွှေဂတ်စ် လှုပ်ရှားမှုအဖွဲ့နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N အဖွဲ့တို့က ထုတ်ဖော်ပြောဆို လိုက်ကြသည်။
ရခိုင်ကမ်းလွန် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံများကို ကျောက်ဖြူမြို့နှင့် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတို့မှတဆင့် တရုတ် ယူနန်ပြည်နယ်သို့ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံတန် ပိုက်လိုင်း နှစ်လိုင်းသွယ်၍ တင်သွင်းမည် ဖြစ်သည်။
ပိုက်လိုင်းများ ဖြတ်သွားမည့် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါနှင့် မန်စီမြို့နယ်များတွင် ကိုယ်ပိုင် ပြဌာန်းခွင့် အတွက် တောင်းဆိုနေသော လက်နက်ကိုင် ရှမ်းတပ်ဖွဲ့ SSA-N၊ ကချင်လွတ် မြောက်ရေးတပ် KIA နှင့် အစိုးရတို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ကို ထောက်ပြပြီး ပြောဆိုကြသည်။
“ရှမ်းပြည်တပ်မတော်ရှိတဲ့ ရှမ်းပြည်ကို ဖြတ်သွားတဲ့ပိုက်လိုင်းမှာ ကျေးရွာပေါင်း ရဝ လောက်ရှိတယ်။ တိုက်ပွဲ တွေက ကွတ်ခိုင်ဘက်မှာလည်း ဖြစ်တယ်။ ကချင် မန်စီဘက်မှာလည်းဖြစ်တယ်။ ပိုက်လိုင်းသွား မယ့်နေရာရဲ့ ဘယ်ညာမှာ ဖြစ်နေတာ။ အန္တရာယ်တွေက အချိန်မရွေး ဖြစ်လာနိုင်တယ်”ဟု ရွှေဂတ်စ် လှုပ်ရှားမှုအဖွဲ့ ပြောခွင့်ရ ဦးဝင်းအောင်က ပြောသည်။
ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို တရုတ်အစိုးရပိုင် အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)၊ တောင်ကိုရီး ယားဒေဝူး ကုမ္ပဏီ၊ အိန္ဒိယ မှ ONGC Videsh ကုမ္ပဏီ၊ Gas Authority of India-GAIL၊ မြန်မာရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း MOGE တို့ ပူးတွဲ လုပ်ဆောင်နေသည်။
အလုပ်သမား ရှာဖွေရေး၊ သဲ၊ ကျောက်နှင့် ပိုက်လိုင်း သယ်ဆောင်ရေးတို့အတွက် လက်ခွဲ စာချုပ်များကို မြန်မာ ပုဂ္ဂလိက ကုမ္ပဏီများဖြစ်သည့် သန္တာနဂါး၊ ပြည်တော်စည်၊ အေးရှားဝေါ၊ မြန်မာရွှေသရဖူတို့က ရရှိထားကြောင်း အင်္ဂါနေ့့ကထုတ်ပြန်သည့် “Sold Out” ခေါ် “အကုန်ရောင်းတဲ့ မူဝါဒ” အမည်ရှိအစီရင် ခံစာ၌ ဖော်ပြထားသည်။
ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း အေ ( ၁) နှင့် အေ (၃) လုပ်ကွက်တွင် ခန့်မှန်း ကုဗပေ ၄.၅ ထြီလီလျံမှ ရ.၇ ထြီလီလျံအထိ ရှိပြီး တရုတ်နိုင်ငံသို့ ၂ဝ၁၃ ခုမှစ၍ နှစ်ပေါင်း ၃ဝ ခန့် ရောင်းချရာမှ မြန်မာအစိုးရသည် အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ ရရှိမည်ဟု ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားသည်။
အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်ဘက်မှ လာမည့် ရေနံတင် တရုတ်သင်္ဘောများ ဆိုက်ကပ်နိုင်ရန် မဒေးကျွန်းတွင် တည်ဆောက်နေသည့် ရေနက်ဆိပ်ကမ်းသည် ၈ဝ ရာခိုင်နှုန်း ခန့်ပြီးစီးနေပြီး၊ ကမ်းလွန် သဘာဝဓာတ်ငွေ့ကို ပင်လယ်ရေအောက် ပိုက်လိုင်းမှတဆင့် ကျောက်ဖြူမြို့သို့ သယ်ယူမည့်လုပ်ငန်းမှာ ၄ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု ဦးဝင်းအောင်ကပြောသည်။ စီးပွားရေးဇုံမှာ မူ နားလည်မှု စာချွန်လက်မှတ်ထိုး ပြီး ဖြစ်သော်လည်း အသေးစိတ်ကိုမူ မသိရသေးဟု ဆိုသည်။
၂ဝ၁၃ တွင် အပြီးတည်ဆောက်မည့် မဒေးကျွန်း ရေနက်ဆိပ်ကမ်းပြီးပါက တန်ချိန် ၃ဝဝ,ဝဝဝ ဆံ့ ရေနံတင် သင်္ဘောကြီးများ ရပ်နားကာ တနှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း ဆီချခြင်း လုပ်ငန်း ဆောင်ရွက်မည်
ဖြစ်ကြောင်း မြန်မာအစိုးရက တရားဝင် ထုတ်ပြန်ထားသည်။
စီမံကိန်းဒေသများတွင် ရခိုင်ဒေသခံများကို စစ်တပ်နှင့် ရဲတို့၏ အဓမ္မခိုင်းစေခံရခြင်း၊ တရုတ် ဝန်ထမ်း များက အမျိုးသမီးများကို စော်ကားခြင်း၊ စီမံကိန်းပါ ကုမ္ပဏီများက ဒေသခံအာဏာပိုင်များနှင့် ပေါင်း၍ လယ်မြေများကိုလျော်ကြေး အနည်းငယ်ပေးကာ သိမ်းယူခြင်းများ ပြုလုပ်နေကြောင်း အစီရင်ခံစာအတွင်း ဓာတ်ပုံ၊ စာရွက်စာတမ်း မိတ္တူများနှင့် တကွ ဖော်ပြထားသည်။
ကျောက်ဖြူမှစပြီး ပြည်တွင်း၌ ကီလိုမီတာ ၈ဝဝ ခန့် ဖြတ်သွားမည့် ပိုက်လိုင်းနှစ်ခုသည် မင်းဘူး- မန္တလေး- ကုတ်ထိပ်- ကျောက်မဲ- သီပေါ- လားရှိုး- ကွတ်ခိုင်- ၁ဝ၅ မိုင်လမ်းခွဲမှ မူဆယ်မြို့နယ်ရှိ တရုတ်နယ်စပ် ကြူကုတ်မှတဆင့် ရွှေလီမြို့၏ အရှေ့တောင်ဘက် ၁၂ ကီလိုမီတာအကွာရှိ ဝမ်တိန်မြို့နယ်ခွဲသို့ ပေါက်မည်
ဟု သိရသည်။ ထိုမှ ရေနံသန့်စင်စက်ရုံရှိမည့် ယူနန်ပြည်နယ် မြို့တော် ကူမင်းသို့ ဆက်မည်။
၂ဝ၁ဝ ဇွန်လမှ တည်ဆောက်မှု စတင်နေသည့် ပိုက်လိုင်းဖြတ်သွားမည့် ကျောက်မဲ၊ သီပေါ မြို့နယ်များ၌ ၁၉၈၉ ခုတွင် အပစ်ရပ်ခဲ့ပြီး ပြည်သူ့စစ် အသွင်ပြောင်းရန်လက်မခံသော SSA-N နှင့် အစိုးရတပ်များ မတ်လမှစ၍ တိုက်ပွဲများဖြစ်ပွားနေသည်။ အပစ်ရပ်စဉ်က တပ်မဟာ ၁၊ ၃၊ ရ ဟု သုံးခုရှိခဲ့ရာမှ တပ်မဟာ ၃ နှင့် ရ ကပြည်သူ့စစ် ဖြစ်သွားပြီး တပ်မဟာ ၁ က ငြင်းဆန်နေခြင်းဖြစ်သည်။
၂ဝဝ၆ ခုတွင် အရှေ့မြောက်တိုင်းမှူး Shwe-gas-Pipelines ဗိုလ်ချုပ် မြင့်လှိုင် အလိုကျ ပိုက်လိုင်းများ ဖြတ်မည့် မန္တလေး-လားရှိုး အဝေးပြေးလမ်းမြောက်ဘက် နမ့်စမ်ဒေသမှ SSA-N တပ်မဟာ ၃ ဌာနချုပ် ကို သီပေါမြို့နယ် မိုင်းခေးဘက်သို့ ပြောင်းရွှေ့ ပေးခဲ့ ရသော်လည်း ယခုအခါ ရှမ်း - တောင် SSA-S နှင့် ရှမ်း-မြောက် SSA-N တပ်များ ပူးပေါင်း၍ ပြန်လှုပ်ရှားနေပြီဟု SSA-N ပြောခွင့်ရ ဗိုလ်မှူးစိုင်းလှက ပြောသည်။
KIA ကချင်လွတ်မြောက်ရေးတပ် တပ်မဟာ ၄ နှင့်လည်း ကွတ်ခိုင်-သိန္ဒီနယ်မြေတွင် ပူးတွဲ လှုပ်ရှားမှု များလည်း စတင်နေပြီဟု ဆိုသည်။ “အဲဒီ တပ်မဟာ ၃ နယ်မြေထဲ ပြန်အခြေခံဖို့ဖေဖော်ဝါရီလ ကုန်ပိုင်းမှ ကျနော်တို့တပ်က အဲဒီဘက်ကျော်သွားပြီလေ။ မူဆယ်၊ နမ့်ခမ်းအထိ ရောက်သွားတာပဲ” ဟုသူကပြော သည်။
“တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး တကယ့်တကယ် မလုပ်ရင်တော့ အဲဒါတွေ (ပိုက်လိုင်း) တော့ သူတို့အတွက် စိုးရိမ်စရာတော့ ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မယ်လို့ ထင်တာပဲ။ ၂ဝဝ၈ ဥပဒေနဲ့အပေါ်စီး ကနေပဲ ဆွေးနွေးမယ်ဆိုရင်တော့ ဘယ်အဖွဲ့မှလည်း လက်ခံမှာ မဟုတ်ဘူး” ဟု သူကဆက်ပြော သည်။
၂ဝဝ၉ ကုန်ပိုင်းက နအဖ က ဘူမိဗေဒ တိုင်းတာရေး လုပ်ငန်းများကို မန္တလေး၊ မတ္တရာ၊ နောင်ချို၊ ကျောက်မဲမှ တဆင့် နမ့်ခမ်းမြို့အထိ ၁၅ ရက်ကြာ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းလမ်းကြောင်း လေ့လာခဲ့ သည်ဟု သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြထားသည်။
ယင်းသို့ လုပ်ငန်းများ စတင်နေပြီဖြစ်သည့် ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းအား မြန်မာနိုင်ငံတွင် နိုင်ငံရေး
တည်ငြိမ်မှု ရှိလာပြီး ဒေသခံများအတွက် အကာအကွယ်ပေးနိုင်မည့် အစိုးရတရပ် ပေါ်ပေါက်လာသည် အထိ ရပ်ဆိုင်းထားစေလိုကြောင်း ရွှေဂတ်စ်၏ အစီရင်ခံစာက အကြံပြုထားသည်။
ရွှေဂတ်စ်လှုပ်ရှားမှု ပြောခွင့်ရ ဦးဝင်းအောင်က လတ်တလော နိုင်ငံရေးမတည်ငြိမ်သည့် အာဖရိက အနောက် နှင့်မြောက်ဘက်ရှိ နိုင်ဂျာနှင့် လစ်ဗျားနိုင်ငံမှ CNPC ကုမ္ပဏီ၏ ရင်းနှီးမြှုတ်နှံမှုများ ဆုံးရှုံး ခဲ့ရသည်ကို ထောက်ပြပြီး မြန်မာနိုင်ငံတွင်လည်း အလားတူမျိုး ကြံုတွေ့နိုင်သည်ဟုလည်း သတိပေးပြောဆိုသေး သည်။
ယင်း ၂ နိုင်ငံတွင် CNPC ကုမ္ပဏီ လက်ခွဲ Great Wall Drilling Co. (GWDC) ၏ ရေနံရှာဖွေရေး စီမံကိန်း ၆ ခု ရပ်လိုက်ရပြီး အမေရိကန်ဒေါ်လာ ၁၈၆ သန်း ဆုံးရှုံးခဲ့ခြင်းသည် ဆုံးဖြတ်ချက်များ မှားယွင်းခြင်းနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်း တို့ကြောင့်ဟု တရုတ် စွမ်းအင်သုတေသီ Zhou Xiujie က ထောက်ပြခဲ့ကြောင်း ဆင်ဝှာသတင်းဌာနက သြဂုတ်လ ၂၂ ရက်နေ့၌ ဖော်ပြသည်။
တရုတ်နိုင်ငံအခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း သဘာဝ ဓာတ်ငွေ့နှင့် ရေနံပိုက် လိုင်းဖြတ်သန်းမည့် လမ်းကြောင်းသည် ကချင်လွတ်မြောက်ရေးတပ် KIA ၏ တပ်မဟာ ၄ နယ်မြေနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO မှ ၁၉၉ဝ ခုတွင် ခွဲထွက်ခဲ့ပြီး ၂ဝဝ၉ ခု ဇွန်လက နယ်ခြားစောင့်တပ် လက်ခံခဲ့သည့် ဦးမထူးနော်၏ နယ်မြေသို့ ဖြတ်သန်းရမည်ဟု ပြောသည်။
ဦးအောင်ကျော်ဇောက “မထူးနော်တပ် ဧရိယာ ကွတ်ခိုင်ခွင်ထဲမှာ၊ KIA တပ်မဟာ ၄ ဧရိယာ တပ်ရင်း ၉ ဧရိယာထဲက ဖြတ်မှာ။ ဒါပေမယ့် သူတို့ မလုပ်ပါဘူး။ အစိုးရပဲဖျက်ပြီး သူကသူပုန်တွေ လက်ညှိုးထိုးပြမှာ။ တရုတ်အစိုးရကို ဒီလူတွေကို မထောက်ခံနဲ့ ဒါမျိုးလုပ်မှာလေ” ဟု သုံးသပ်ပြောဆိုသည်။
ပိုက်လိုင်းများနှင့် အပြိုင်ဆောက်မည့် ဒေါ်လာ ၂ဝ ဘီလီယံ ကုန်ကျသော ကျောက်ဖြူ-မူဆယ် ရထားလမ်း စီမံကိန်း၏ မူဆယ်-လားရှိုးအပိုင်း လမ်းသစ်ကို ၂ဝ၁၁ ခု ဒီဇင်ဘာတွင် စတင်သွားမည် ဖြစ်ပြီး ဒေါ်လာ ၁.၆ သန်းကုန်မည်ဟု စက်တင်ဘာ ၅ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ ၂ဝဝ၅ ခုက တရုတ် ပညာရှင်များက လေ့လာမှု များပြုလုပ်ခဲ့ပြီး ၂ဝ၁ဝ ခုအတွင်း လမ်းအူကြောင်း တိုင်းတာပြီးစီးခဲ့သည်ဟု သိရသည်။