ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားလွှတ်တော်၏ ဗုဒ္ဓဟူးနေ့ ပုံမှန် အစည်းအဝေးတွင် အမတ်အချို့က အစိုးရ အဆက်ဆက်သည် ပြည်တွင်းငြိမ်းချမ်းရေးကို ဖေါ်ဆောင်ခြင်း မရှိဟု ဝေဖန်သွားကြသလို ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးကော်မတီ တွင် ထည့်သွင်းရန် အမတ်တဦးက အကြံပြုသည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉မှ အမတ် ဦးထွန်းလွင် တင်သွင်းသော “မြန်မာနိုင်ငံ အတွင်း ထာဝရငြိမ်းချမ်းပြီး တည်ငြိမ်အေးချမ်းမှု တည်ဆောက်ထိန်းသိမ်းရေး အတွက် အမြဲတမ်း ကော်မတီ ဖွဲ့စည်းရေး” အဆိုကို ကန့်ကွက်သူမရှိဘဲ စစ်ဘက် အမတ်တဦး အပါအဝင် အမတ် ၁၃ ဦးက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ထောက်ခံ ဆွေးနွေးသူ တဦးဖြစ်သည့် ချင်းတိုးတက်ရေး ပါတီမှ ဦးပေါ်လျှံလွင်က “အစိုးရ အဆက်ဆက်က အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက်ပဲလုပ်တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် လုပ်တာ အားနည်းတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်လို့ငြိမ်းချမ်း ရေးကို မတည်ဆောက် နိုင်တာဖြစ်တယ်။” ဟု ဆွေးနွေးသွားခဲ့ကြောင်း အမတ်တဦးက မဇ္ဈိမသို့ ပြန်ပြောပြသည်။
ကရင်ပြည်သူ့ပါတီ၏ ကရင်ပြည်နယ် မဲဆန္ဒနယ် ရ မှ ဦးစောတော်ပလဲ၏ ဆွေးနွေးချက်ကိုပြန်ပြောရာ တွင်တော့ “သူ့အိမ်မှာ ညီတွေ၊ အမျိုးတွေကလည်း ခြေတဘက်ပြတ်၊ နှစ်ဘက်ပြတ်တွေ များပါတယ်တဲ့။ မိုင်းနင်းမိပြီးတော့ ပေါ့လေ။ ကရင်ပြည်နယ်က ပြည်သူ တော်တော်များများက လွှတ်တော်ဆိုတာလည်း စိတ်မဝင်စားပါဘူး။ ဒီမိုကရေစီ ဆိုတာလည်း နားမလည်ပါဘူးတဲ့၊ သူတို့လိုချင်တာက ငြိမ်းချမ်းရေးပဲ လိုချင်တာပါတဲ့။” ဟု ပါရှိသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၃ မှ ဦးအေးမောင်မှ ငြိမ်းချမ်းရေး
ကော်မတီတွင် အများကြည်ညိုလေးစားသည့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကော်မတီဝင်အဖြစ် ထည့်သွင်း သင့်ကြောင်း အကြံပြုသွားသည်။
စစ်ဘက် ကိုယ်စားလှယ်အမတ် ဗိုလ်မှူးကြီး မောင်မောင်ကြီးကလည်း ငြိမ်းချမ်းရေးမတည်ဆောက်နိုင်ခြင်း ကြောင့် တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျရကြောင်း ဆွေးနွေးသွားခဲ့သည်။ အမျိုးသားလွှတ်တော် သမိုင်းတလျှောက် စစ်ဘက် အမတ်တဦး၏ ပထမဆုံးအကြိမ် ဆွေးနွေးခြင်းလည်း ဖြစ်သည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာ ဗညားအောင်မိုးက ဗမာလူမျိုးကြီး ဝါဒရှိနိုင်ပြီး၊ တိုင်းရင်းသားများ ဘက်မှလည်း လူမျိုးစွဲ ရှိတတ်ခြင်းကြောင့် ယင်းအမြင်များကို လျော့မှ ငြိမ်းချမ်းရေး ရနိုင်မည် ဖြစ်ကြောင်းလည်းဆွေးနွေးခဲ့သည်။
ဦးထွန်းလွင်၏ အဆိုကို ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြပြီး အမျိုးသားလွှတ်တော်မှ အတည်ပြု ပေးခဲ့သော်လည်းကော်မတီကို မည်သို့ဖေါ်ဆောင်မည်၊ မည်သူများကို ကော်မတီဝင်များ ထားရှိမည် စသည့် လုပ်ငန်းစဉ်များကို အထက်လွှတ်တော် အမတ်များ ကိုယ်တိုင် မသိရှိသေးဘဲ ဖြစ်နေသည်။
ဗုဒ္ဓဟူးနေ့ နံနက် ၁ဝ နာရီတွင် စပြီး ညနေ ၅ နာရီ ၃ဝ မိနစ်မှ ပြီးဆုံးသော အထက်လွှတ်တော်၏ကိုးရက် မြောက် အစည်းအဝေးတွင် လက်ရှိအစိုးရကို ချီးကျူးသော အဆိုကို အာဏာရပါတီ ကြံ့ခိုင်ရေးမှ အမတ် ဦးခင်မောင်ဌေးက “ပြည်ထောင်စု အစိုးရနှင့် တိုင်းနှင့် ပြည်နယ်များ၏ ရက် ၁၀၀ ကာလအတွင်းဆောင်ရွက် ချက်များကို ချီးကျူးကြောင်း မှတ်တမ်းတင်ပေးရန်” ခေါင်းစဉ်ဖြင့် တင်သွင်းခဲ့သည်။ယင်းအဆို ကို ကန့်ကွက်သူလည်း ရှိခဲ့၍ မဲခွဲဆုံးဖြတ်ရာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အများစုဖြစ်သော လွှတ်တော်တွင် အဆိုရှင်မှ အနိုင်ရသွားသည်။
ဦးခင်မောင်ဌေးက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံနိုင်မှု သည်လည်း အစိုးရ၏ အောင်မြင်မှု တခု ဖြစ်သည်ဟု ရည်ညွှန်းသွားခဲ့သည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာ ဗညားအောင်မိုးက ကန့်ကွက်သူဖြစ်ပြီး ရက် ၁၀၀ နှင့် မလုံလောက်ဘဲ အနည်းဆုံး ခြောက်လ စောင့်ကြည့်ရန် လိုသည်ဟု ဆိုသည်။
မေးခွန်းအပိုင်းတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ ဦးသိန်းဝင်း၏ “အများပြည်သူတို့ အပေါ် မလျော်သြဇာ ကျင့်သုံးမှု၊ မမှန်မကန် ပြုကျင့်မှုများ အတွက် တိုင်ကြားမှုများကို စုံစမ်းစစ်ဆေးကြသည့် အခါ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များတွင် ထိုရပ်ရွာဒေသမှ ယုံကြည်လေးစားသူများကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းရန်" အဆိုကို ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုမှ ပြန်လည် ဖြေကြားရာတွင် ရွာမိ၊ ရွာဖများကိုသက်သေအဖြစ် သာ ထားမည်ဖြစ်ပြီး ဌာနဆိုင်ရာမှ သူများကိုသာ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များအဖြစ် ထားရှိမည်ဟု ပြန်လည်ဖြေကြားသည်။
ယင်းအပြင် ရန်ကုန်တိုင်း မဲဆန္ဒနယ် ၁ဝ မှ ကြံ့ဖွံ့အမတ် ဦးနုမှ အခြေခံ ပညာရေးအဆင့်တွင်အမျိုးသား ဆရာများ ရှားပါးလာခြင်း ပြဿနာကို ဖြေရှင်းရန် မေးမြန်းရာ ပညာရေးဝန်ကြီး ဒေါက်တာမြအေးမှ ပြန်လည် ဖြေကြားရာတွင် ဝန်ကြီးဌာနမှ အမျိုးသား ဝန်ထမ်းများကို ခန့်ထားပေးသော်လည်း ထိုသူများမှလုပ်ကိုင်လို စိတ် မရှိခြင်းကြောင့် လစာတိုးပေးခြင်း၊ ရာထူးတိုးပေးခြင်းတို့ လုပ်ဆောင်ကာ ဆွဲဆောင်ရန်ကြိုးစားနေ ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။