ချောင်းဆုံတွင် ခရုဖျက် လယ်ဧက ၁၀၀ ကျော်ပျက်

ချောင်းဆုံတွင် ခရုဖျက် လယ်ဧက ၁၀၀ ကျော်ပျက်
by -
ကွမ်းချမ်း

ချင်းမိုင် (မဇ္ဈိမ) ။        ။ စပါးပင်ကိုကိုက်ဖြတ် စားသောက်သည့် ခရုတမျိုး ဖျက်ခြင်းကြောင့် မွန်ပြည်နယ် ချောင်းဆုံ မြို့နယ်ရှိ ကျေးရွာ ခုနှစ်ရွာမှ လယ်ဧက ၁၀၀ ကျော် ပျက်စီးဆုံးရှုံး ကြောင်း လယ်သမားများ ၏ အဆိုအရ သိရသည်။

ပင်လယ်ကမ်းစပ်ရွာများဖြစ်သော ကညော်၊ ဘိုးနက်ကြီး၊ ဒေါင်းရပ်၊ ကော့မုပွန်၊ ဆယ်ပလာ၊ ဟင်္သာကျွန်း၊ နတ်မှော် တို့တွင် ဇူလိုင်လမှစပြီး လယ်ဧက ၁၀၀ ကျော်တွင် ခရုကျရောက်မှုဖြစ်ကာ နှိမ်နင်း၍မရနိုင်ဘဲ ဖြစ်နေသည်။

စပါးပင်နှင့် မြက်ပင်များတွင် ဥကို တွယ်ကပ်ကာ အဆုပ်လိုက် ဥချတတ်သည့် ထိုခရုကို ဒေသခံ ဖယ်ရှားကြ  သော်လည်း ပေါက်ဖွားနှုန်း မြန်ဆန်ပြီး တကြိမ်ပေါက်နှုန်းမှာ များပြားသည့်အတွက် မနှိမ်နှင်းနိုင်ကြောင်း လယ်သမားများက ပြောသည်။

“အရင်က ဒီခရုမျိုး တခါမှ မတွေ့ဖူးဘူး။ ဒီနှစ်မှ ပေါ်လာတယ်။ ကျနော်တို့ လယ်ခရုနဲ့လည်း သိပ်မတူဘူး။ ဒီခရုက တော်တော်ကြီးတယ်။ တလုံးတလုံးဆို ၂၀ သား၊ အစိတ်သားလောက် ရှိတယ်” ဟု ဒေါင်းရပ်ရွာမှ လယ်သမားတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနမှ လက်ထောက်ကထိကတဦးကမူ မြန်မာမျိုးစိတ် မဟုတ်သော ထိုခရုကို (Golden Apple Snail) ဟု ခေါ်ဆိုပြီး မြန်မာလယ်ခရုနှင့် သဏ္ဍာန်တူကြောင်း သြဂုတ်လ ၂၉ ရက်နေ့ထုတ်
အတွဲ ရ အမှတ် ၃၇ The Voice ဂျာနယ်တွင် ဖေါ်ပြသည်။

အငြိမ်းစား မြို့နယ်စိုက်ပျိုးရေး မန်နေဂျာတဦးကလည်း “အဲဒီခရုတွေက မြန်မာမျိုး ခရုတွေ မဟုတ်ပါဘူး။ မြန်မာ လယ်ခရုက ရေမှော်တွေကို စားတယ်။ စပါးပင်ကိုလည်း ကိုက်တယ်။ ဒါပေမဲ့ ဒီခရုတွေလိုတော့ မကြမ်းဘူး။ ဒီခရုတွေက စပါးပင်ကို တော်တော်ကြိုက်တယ်” ဟု မဇ္ဈိမကို ပြောသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က  သြဂုတ်လ ၂၄ ရက်နေ့တွင် ကော့မုပွန်ရွာသို့ ရောက်ရှိပြီး ရွာသူ ရွာသားများ စပါးဖျက်ခရု စုပေါင်း ကောက်ယူနေမှုကို ကြည့်ရှုစစ်ဆေးပြီး ခရုများ အခြားလယ်များသို့ ပြန့်ပွားခြင်း မရှိအောင် အမြန်ရှင်းလင်းရေး၊ ပျက်စီးသွားသော စပါးများအား အမြန်ဖာထေးစိုက်ပျိုးသွား ရေးတို့ကို မှာကြား သွားခဲ့ကြောင်းမြန်မာ့အလင်းသတင်းစာက ဖေါ်ပြသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းမှ ဇူလိုင်က ကုန်ထိသာ မိုးစပါးကို စိုက်ပျိုးလေ့ ရှိကြောင်း အထက်ပါ အငြိမ်းစား မြို့နယ်စိုက်ပျိုးရေး မန်နေဂျာက ပြောသည်။

Most read this week