နယူးဒေလီ (မဇ္စျိမ) ။ ။ မဇ္ဈိမမြန်မာပိုင်း သတင်းဝက်ဘ်ဆိုက် အပါအဝင် အစိုးရကပိတ်ပင် ထားသည့် ပြည်ပ သတင်းဌာန ဝက်ဘ် ဆိုက်အချို့၊ အတိုက်အခံများ အချို့၏ ဘလော့ဂ်တို့ကိုတိုက်ရိုက် ကြည့်ရှု၍ ရနေသော်လည်း ကျွမ်းကျင်သူများက ခေတ္တခဏသာ ဖြစ်နိုင်ကြောင်းသတိပေးထား သည်။
မဇ္ဈိမ၊ ဧရာဝတီသတင်းဌာနများ၏ မြန်မာပိုင်းဝက်ဘ်ဆိုက်၊ ဒေါက်တာလွဏ်းဆွေဘလော့ဂ်၊ ဘလော့ဂ်ရေးသားနိုင်သော Blogspot, Blogger နှင့် ဗီဒီယိုမျှဝေသော YouTube ဝက်ဘ်ဆိုက်တို့ ပွင့်နေပြီ ဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာန၏ အင်္ဂလိပ်ပိုင်းကော၊ မြန်မာပိုင်းဝက်ဘ်ဆိုက်စာမျက်နှာ များကို တိုက်ရိုက်ဖတ်ရှု့နိုင်ပြီး မဇ္ဈိမအင်္ဂလိပ်ပိုင်းမှာမူ ပိတ်ပင်ခံထားရဆဲ ဖြစ်ပြန်သည်။
looking-mizzima-website-in-Burmaနော်ဝေးအခြေစိုက် ဒီဗီဘီ အပါအဝင် မြန်မာပိုင်း အသံလွှင့် အစီအစဉ်များရှိပြီး အင်တာနက် ဝက်ဘ်ဆိုက်လည်း ဖြစ်ကြသော ဘီဘီစီ၊ ဗီအိုအေ၊အာအက်ဖ်အေတို့ ကိုမူ ပိတ်ပင်ထားဆဲ ဖြစ်သည်။
သဘောထား ကွဲလွဲသူများကို သည်းခံတတ်မှု မရှိသော မြန်မာအစိုးရက ဝေဖန်လေ့ရှိသည့် ပြည်ပရောက် မြန်မာများ ထူထောင်ထားသော သတင်းဌာနများ၏ ဝက်ဘ်ဆိုက်များ၊ နိုင်ငံတကာ သတင်းဌာန အချို့၊ အတိုက်အခံများ၏ ဘလော့ဂ်များကို ၂၀၀၀ ပြည့်နှစ်ကတည်းက ပိတ်ပင်ထားခဲ့ပြီး အချို့ကိုမူ ၂ဝဝ၇ ခုနှစ် “ရွှေဝါရောင်တော်လှန်ရေး” ကာလမှစ၍ ပိတ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း Proxy ခေါ် ကြားခံဆာဗာကို အသုံးပြု၍ ပိတ်ပင်ထားသော ဝက်ဆိုက်များ ဖတ်ရှုလေ့လာမှုမှာ အမြဲရှိနေခဲ့သည်။
အင်္ဂါနေ့က ရန်ကုန်ရှိ မဇ္ဈိမသတင်းထောက်များ စမ်းသပ်ချက်အရ CNN သတင်းဌာန၏ ဝက်ဘ်ဆိုက်၊ ထိုင်းနိုင်ငံမှ အင်္ဂလိပ်ဘာသာဖြင့် နေ့စဉ်ထုတ်သတင်းစာ တခုဖြစ်သော Bangkok Post ဝက်ဘ်ဆိုက်နှင့် Reuters ဝက်ဘ်ဆိုက်တို့ ပိတ်ပင်ခံထားရဆဲ ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေး (MPT) နှင့် ရတနာပုံ တယ်လီပို့စ်တို့၏ အများပြည်သူသုံး အင်တာနက်ဆားဗစ် ဝန်ဆောင်မှု လိုင်း ၂ လိုင်းရှိရာ စီးပွားရေး ကုမ္ပဏီအများစုသို့ ဦးတည်ချပေးသော MPT တွင် သာမက အင်တာနက်ဆိုင်များသုံး ရတနာပုံံ တယ်လီပို့စ်လိုင်းတွင်ပါ YouTbue ကို ဖွင့်၍ ရနေသည်။ မဇ္ဈိမတီဗီ ဝက်ဘ်ဆိုက်လည်း ဖွင့်လို့ရနေပြီး တီဗီသတင်းများ၊ ဗီဒီယိုများ ကြည့်ရှုရနေသည်ဟု ဆိုသည်။
ဘီဘီစီမှာ မြန်မာပိုင်း သတင်းဌာနသာ ဖွင့်မရခြင်း ဖြစ်ကာ ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ် စာမျက်နှာ မှာမူ ဝင်ရောက် ကြည့်ရှုနိုင်ပြီး ယခင်ပိတ်ပင်ထားခဲ့သော အခမဲ့ အီးမေးလ် ပို့နိုင်သော Hotmail နှင့် Yahoo mail တို့လည်း ပွင့်နေပြီ ဖြစ်သည်။
ယခုကဲ့သို့ အထိုက်အလျောက် ဖွင့်ပေးလာသည်မှာ မှန်သော်လည်း အင်တာနက်မြန်နှုန်းမှာ ယခင် ကထက် ကျလာသည်ဟု သုံးစွဲသူများထံမှ စုံစမ်းသိရှိရသည်။ အင်္ဂါနေ့က အင်တာနက်ဆိုင် တခုတွင် အမြင့်ဆုံး ၅ဝ kbs သာရှိခဲ့သည်ဟု ဆိုင်ပိုင်ရှင်တဦးက ပြောသည်။
ယခုကဲ့သို့ ပိတ်ထားသည့် ဝက်ဘ်ဆိုက်များ ပွင့်လာခြင်းမှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ခေတ္တခဏသာ ပွင့်နေမှာကို စိုးရိမ်နေကြပြီး အစိုးရက ဆာဗာ ပြင်ဆင် နေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက မှန်းဆနေကြသည်။
“ပိတ်တယ် ဖွင့်တယ်ဆိုတာ ဖွင့်တယ်ဆို ISP (Internet Service Provider) အကုန်လုံး ဖွင့်ပေးရမှာ။ ဖွင့်တာခြင်း မတူဘဲ ဖွင့်ပေးလိုက်တယ်လို့ သေချာပြောလို့ မရဘူး” ဟု ကွန်ပျူတာ လုံခြံုရေး စနစ်ဖြင့် ဘွဲ့လွန်လေ့လာနေသော ကိုမောင်မောင်က ပြောသည်။
မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူပေါင်း ၄ သိန်းကျော်ခန့်ရှိပြီး၊ မှတ်ပုံတင်ထားသောအများပြည် သူသုံး အင်တာနက်ဆိုင် PAC ပေါင်း ၈၀၂ ခုရှိကာ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်နှင့် ပြင်ပ၌ ၅၈၄၊ မန္တလေး၌ ၂၁ ခုနှင့် အခြားမြို့များတွင် ၁၉၇ ခု ရှိသည်ဟု မြန်မာအင်ဖိုတက်ခ်၏ ၂ဝ၁၁ဖေဖော်ဝါရီလ ကုန် စာရင်းများအရ သိရသည်။
PAC လိုင်စင် လျှောက်ထားရာတွင်လည်း ပြည်ပသတင်းမီဒီယာများကို ဝင်ရောက် မကြည့်ရှုရန်အတွက် စည်းကမ်းချက်များဖြင့် ကန့်သတ်ထားသည်။ PAC များအနေဖြင့် နိုင်ငံတော် လုံခြံုရေးနှင့် အကျိုးစီးပွား ကို ထိခိုက်စေမည့် သတင်း အချက်အလက်များကို ပေါက်ကြားမှု မရှိစေရန်ဆောင်ရွက်ရ မည် ဖြစ်ပြီး၊ ချိုးဖောက်ပါကမြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေအရအရေးယူခံ ရမည် ဖြစ်သည်။ အဆိုပါ ဥပဒေအရ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။
အင်တာနက် သုံးစွဲရာတွင် ဥပဒေများနှင့် တင်းကျပ်မှု၊ ဘလော့ဂ်ဂါတွေ ဖမ်းဆီး ထောင်ချခံရမှုတွေ ကြောင့်ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ RSF က မြန်မာနိုင်ငံကို အင်တာနက်၏ ရန်သူစာရင်း သွင်းထားပြီး အမေရိကန် အခြေစိုက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ Freedom House ကလည်း အင်တာနက် လွတ်လပ်ခွင့်တွင် ဒုတိယ အချိုးဖောက်ဆုံး နိုင်ငံအဖြစ် မှတ်တမ်းတင်ထားသည်။