မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှု ကြားနာတော့မည်

မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှု ကြားနာတော့မည်
by -
သောမတ်စ်မောင်ရွှေ

ချင်းမိုင်(မဇ္ဈိမ) ။       ။ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး (ITLOS) က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြားအငြင်းပွား နေသည့် ပင်လယ်ပြင်နယ်နိမိတ် ပိုင်ဆိုင်မှုပြဿနာ ကို စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်ကြားနာ တော့မည် ဖြစ်သည်။

စီးပွားရေး အလားအလာကောင်းသည့် ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့သိုက်များအတွက် နှစ်နိုင်ငံ အကြား အငြင်းပွားနေသည်မှာ နှစ်ကြာရှည်ခဲ့ပြီဖြစ်ပြီး အငြင်းပွားမှုသည် မကြာသေးခင် နှစ်များအတွင်း ပိုမိုပြင်းထန်လာခဲ့သည်။

ActiniaITLOS တရားရုံး၏ ကြားနာမှုကို ယင်းရုံးအခြေစိုက်ရာ ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့တွင်ပြုလုပ်မည်ဖြစ် သည်။ ဘင်္ဂလာဒေ့ရှ်အစိုးရက မြန်မာနိုင်ငံအပေါ် "ကမ်းဦးရေတိမ်ပိုင်းနှင့် အခြေခံမျဉ်းတို့ သဘာဝအတိုင်း ကြာရှည်စွာ တည်ရှိနေခြင်း" ဟူသောအချက်ကို အခြေခံကာ စတင်တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

အမှုဆိုင် နှစ်ဘက်နိုင်ငံများမှ အမှုကိုစစ်ဆေးမည့် တရားရုံးတရားသူကြီး တဦးစီကို ခန့်အပ်ခွင့်ရှိသည်။ ITLOS မှ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဂါနာနိုင်ငံသား တရားသူကြီး သောမတ်စ်မင်ဆာ (Thomas Mensah) ကို ရွေးချယ်ထားပြီး မြန်မာနို်င်ငံ ကမူ အမေရိကန်လူမျိုး ဥပဒေပါမောက္ခ ဘဲနတ် အိပ်ချ် အော့စ်မင် (Bernard H. Oxman) ကို ရွေးချယ် ထားသည်။

ဒါကာအခြေစိုက် ဒေးလီးစတား သတင်းစာ၏ ရေးသားချက် အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ကို
နိုင်ငံခြားရေး ဝန်ကြီး ဒီပူမိုနီ (Dipu Moni) ကဦးဆောင်မည် ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရေး ဝန်ကြီးသစ် ဦးဝဏ္ဏမောင်လွင် ဤကြားနာ ပွဲသို့ တက်ရောက်မည် မတက်ရောက်မည်မရှင်းလင်း သေးပါ။

မြန်မာအစိုးရ၏ အဓိက ခေါင်းဆောင်များကို ဥရောပသမဂ္ဂက ဗီဇာ ပိတ်ပင်မှုများ ပြုလုပ်ထားသော်လည်းမြန်မာနိုင်ငံခြားရေး ဝန်ကြီးကိုမူ “အဓိက ပါဝင်ဆွေးနွေးသူ” အဖြစ် ကင်းလွတ်ခွင့်ပေးထားသည်။ ထို့ကြောင့် သူ့အနေဖြင့် ဂျာမဏီရှိ ဤအမှုစစ်ဆေးရာသို့ သွားရောက်နိုင်မည် ဖြစ်သည်။

ဓါတ်ငွေ့ တူးဖော်မှု ကိစ္စ မြန်မာဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ၂ဝဝ၈ ခုနှစ်က တင်းမာမှုဖြစ်ပွားမှု

ရေနံတွင်းတူးသင်္ဘော ၄ စင်းနှင့် အရှည်မီတာ ၁ဝဝ ရှိ ထရန်အိုးရှင်းလီးဂျင်း ရေနံတွင်းတူးစင်ကို ဆွဲယူလာသည့် ဆွဲသင်္ဘောတစင်းတို့ကို စောင့်ရှောက် လိုက်ပါလာသည့် မြန်မာရေတပ် သင်္ဘောကို ဘင်္ဂလားဒေ့ရှ် အစိုးရရေတပ်သင်္ဘော BNS Nirvoy မှ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင်တွေ့ရှိ ကြောင်း ကြေညာခဲ့သည်။ ဆွစ်ဇာလန် အမေရိကန် ကမ်းလွန် ရေနံတွင်းတူး ကုမ္ပဏီ ထရန်အိုးရှင်း ပိုင်ဆိုင်သည့် ဤရေနံတွင်းတူးစင်ကိုရေနံအစမ်းတွင်းများ တူးဖော်ရန် ကိုရီးယားဒေဝူးကုမ္ပဏီက ငှားရမ်း အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပင်လယ်နယ်နိမိတ်ကို ဝင်ရောက် ကျူးကျော်ခဲ့ကြောင်း ဒါကာ၏ စွပ်စွဲချက်သည် နှစ်နိုင်ငံအကြား အရေးပါသော ပထမဆုံး သံတမန် အငြင်းပွားမှု လက္ခဏာတရပ် ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် နှစ်နိုင်ငံ ရေတပ်များ ရင်ဆိုင်ထားကြသည် အထိ ကမ္ဘာ့အဆင်းရဲဆုံး နှစ်နိုင်ငံအကြား ငွေကုန်များသည့် တင်းမာမှု ဖြစ်ပေါ်လာခဲ့သည်။

နောက်တနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဒါကာရှိ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး ကန့်ကွက်လွှာပေးခဲ့သည်။ မြန်မာအစိုးရက အငြင်းပွား နယ်မြေအတွင်းသို့ ရေတပ်သင်္ဘော ၄ စင်းကိုစေလွှတ်ခဲ့သည့် အတွက် ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ ကျောထောက်နောက်ခံ ပြုပေးထားသည့် ကြားဖြတ်အစိုးရကိုဒေါသအကြီးအကျယ် ထွက်စေခဲ့သည်။

မြန်မာနိုင်ငံက အေဒီ ရ လုပ်ကွက်အဖြစ် သတ်မှတ်ထားသည့် ကမ်းလွန်ဓါတ်ငွေ့ လုပ်ကွက်အတွင်း ရှိနေသည့် ထရန်အိုးရှင်း ရေနံတွင်းတူးစင်နှင့် မြန်မာရေတပ်၏ အစောင့်သင်္ဘောများကို ဘင်္ဂလားဒေ့ရှ် ရေတပ်က ဖမ်းဆီးခဲ့သည်။ Transocean’s SEC ၏တင်ပြ ချက်အရ အဆိုပါ ရေနံတွင်းတူးစင်ကို ဒေဝူးကုမ္ပဏီက အစမ်းတွင်းများ တူးဖော်ရန် တရက်လျှင် အမေရိကန်ဒေါ်လာ ၄၂၄,ဝဝဝ ဖြင့် ငှားရမ်း အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူတို့ရေပိုင်နက်အဖြစ်ကြေငြာထားသော် လည်း အဆိုပါ လုပ်ကွက်အမှတ် အေဒီ ရ တွင် တွင်းတူးခွင့်ကို ဒေဝူးနှင့် တွဲဘက်ကုမ္ပဏီဖြစ်သည့် Kogas တို့မှ ဝယ်ယူခဲ့ကြသည်။

ထိုသို့အငြင်းပွားနေသည့် ရေပိုင်နက်အတွင်း မြန်မာအစိုးရနှင့် ထရန်အိုးရှင်းတို့ ဝင်ရောက် ကျူးကျော်ခြင်း မပြုမီ ၃ ပတ် အလိုက မြန်မာစွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီက နှစ်နိုင်ငံအကြား “ရေပိုင်နက် အငြင်းပွား မှုကို ဖြေရှင်း မပြီးမချင်း အငြင်းပွားနယ်မြေအတွင်း ဓါတ်ငွေ့အစမ်းတွင်း တူးဖော်မှုများ မပြုပါ” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးကို အာမခံပြောကြားခဲ့သည် ဟု ဘင်္ဂလားဒေ့ရှ် နေ့စဉ်သတင်းစာ New Age က ဗိုလ်မှူးချုပ်လွန်းသီကို ကိုးကားရေးသားခဲ့သည်။

ဗိုလ်မှူးချုပ်လွန်းသီက ထိုသို့ကတိပေး ပြောကြားမှုကို ဘင်္ဂလားဒေ့ရှ် လျှပ်စစ်စွမ်းအား၊ စွမ်းအင်၊ သတ္တုအရင်းအမြစ် ဝန်ကြီးဌာန အကြံပေးအရာရှိချုပ် ဒေါက်တာ အမ်တာမင် (Dr. M. Tamim) နှင့် ၂ဝဝ၈ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ဒါကာတွင် တွေ့ဆုံပြောကြားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက ထိုသို့လူသိရှင်ကြား ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံတပ်ဖွဲ့များကို နယ်စပ် တလျှောက် တပ်လှန့် တပ်စွဲထားမှုများ ပြုလုပ်ခဲ့သည်။ မြန်မာ ရေတပ် အရာရှိတဦးက အေအက်ဖ်ပီ သတင်းဌာနကို နိုဝင်ဘာလ ၅ ရက်နေ့က ပြောကြားရာတွင် “ဒီပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ။ ဒါပေမယ့် လိုအပ်လာရင် ကိုယ့်နိုင်ငံကို ကာကွယ်ဖို့ အသင့်ရှိပါတယ်။ချစ်ကြည်ရင်းနှီး မှုကိုလို လားပေမယ့် စော်ကားတာကိုတော့ သည်းခံနေမှာ မဟုတ်ပါဘူး။ ဓါတ်ငွေ့ရှာဖွေမှုတွေကိုဆက်လုပ် သွားမှာပါ” ဟုပြောကြားခဲ့သည်။

မြန်မာအစိုးရမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တောင်းဆိုပြောကြားချက်များကို တုံ့ပြန်သည့် အနေဖြင့် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါး ရေးသားတုံ့ပြန်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ပြောကြား ချက်များသည် “မှားယွင်းပြီး ဥပဒေနှင့်မညီသဖြင့်” အငြင်းပွါးနယ်မြေအတွင်း လုပ်ငန်းများဆက်လက် လုပ်ဆောင်သွားမည်ဟု ရေးသားထားသည်။

၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ရ ရက်နေ့ထုတ် အဆိုပါသတင်းစာတွင် ဆောင်းပါးတစောင် ဖော်ပြခဲ့ရာ အဆိုပါ ဆောင်းပါးက “ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုများကို မြန်မာအစိုးရမှ ပယ်ချလိုက်ပြီး နိုင်ငံတကာ ဥပဒေများနှင့်အညီ နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်သွားရန်အတွက် အေဒီ ရ လုပ် ကွက်အတွင်း လုပ်ဆောင်ရန် ရှိသည့် လုပ်ငန်းများကို ပြီးဆုံးသည်အထိ ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်ကြောင်း” ရေးသား ဖော်ပြထား ခဲ့သည်။ နိုင်ငံတကာဥပဒေတွင်မူ ပိုင်နက်အငြင်းပွားမှုများကို ငြိမ်းချမ်းသည့်နည်းဖြင့် အရင်ဖြေရှင်းရမည်ဖြစ်ကာ ပြီးမှသာ တွင်းတူးခြင်းကိစ္စများကို လုပ်ဆောင်ရမည်ဟု ဆိုထားသည်။

နှစ်ရက်အကြာတွင် ဒေဝူး၊ ထရန်အိုးရှင်းနှင့် မြန်မာအစိုးရတို့၏ သင်္ဘောများ အဆိုပါ နယ်မြေမှ ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။ အခြေအနေ တင်းမာမှုများ လျော့ပါးစေရန် ကိုရီးယားနှင့် တရုတ်နိုင်ငံတို့က ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ အဆိုပါမြန်မာ နိုင်ငံ ရခိုင်ကမ်းရိုးတန်းမှ ဒေဝူးနှင့် အတူ တွဲဖက်လုပ်ကိုင်သည့် ကုမ္ပဏီများတူးဖော်မည့်ဓါတ်ငွေ့ အများစုမှာ တရုတ်နိုင်ငံသို့ တင်ပို့ရန် အတွက်ဖြစ်သည်။

အဆိုပါ တင်းမာမှုများ ဖြစ်ပွားအပြီး တလခန့်အကြာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရိုက်တာ သတင်းဌာန၏ သတင်းပေးပို့ချက်အရ အေဒီ ရ လုပ်ကွက်မှ အစမ်းတွင်း တူးဖော်ရာတွင် ရရှိသောအဖြေများမှာ “အားရကျေနပ်ဖွယ် မရှိလှကြောင်း” မြန်မာစွမ်းအင်ဌာန အရာရှိကြီးတဦးက ပြောကြားခဲ့သည်ဟုဆိုသည်။

အဆိုပါ အမည်မဖော်လိုသူ အရာရှိက ဆက်လက်ပြောကြားရာတွင် “ဒီဓါတ်ငွေ့သိုက်က စီးပွါးဖြစ်ထုတ်လုပ်ဖို့ တွက်ခြေမကိုက်ဘူးဆိုတာ အတည်ပြုနိုင်ဖို့ နောက်ထပ် အစမ်းတွင်း ၄ တွင်း ၅ တွင်း လောက်ထပ်တူးရပါ ဦးမယ်” ဟု ပြောကြားခဲ့သည်ဟုဆိုသည်။

ဒေဝူးအင်တာနေရှင်နယ် ကုမ္ပဏီက ၂ဝ၁ဝ ခုနှစ် မတ်လက ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ အဆိုပါ အငြင်းပွား လုပ်ကွက်တွင် သူတို့နှင့်တွဲဖက်လုပ်ကိုင်နေသော ကုမ္ပဏီ ၃ ခုထွက်ခွာသွားပြီးနောက် သူတို့ပိုင် အစုရှယ်ယာများကို တိုးမြှင့်လာခဲ့သည်ဟု ဆိုသည်။ ၂ဝဝ၈ နိုဝင်ဘာလ တင်းမာမှုများအပြီး အဆိုပါ အငြင်းပွား နယ်မြေအတွင်းနောက်ထပ် ရေနံရှာဖွေမှု လုပ်ငန်းများ ဆက်လက်ပြုလုပ်ခဲ့ခြင်း ရှိမရှိကိုမူ အဆိုပါ အစီရင်ခံစာတွင် ရေးသားဖော်ပြထားခြင်းမရှိပါ။