ချင်းမိုင် (မဇ္ဈိမ) ။ ။ မွန်ပြည်နယ်တောင်ပိုင်း သံဖြူဇရပ်မြို့ပေါ်ရှိ မြို့နယ်ရဲစခန်းကို အမည်မသိ လက်နက်ကိုင် များက ပစ်ခတ်သဖြင့် ရဲစခန်း ခြံစည်းရိုး ပျက်စီးခဲ့သော်လည်းထိခိုက်ဒဏ်ရာရရှိ သူ မရှိကြောင်း ယင်းစခန်းမှ အရာရှိ တဦးကပြော သည်။
သြဂုတ်လ ၂၉ ရက်နေ့ မနက် ၁ဝ နာရီ ၄ဝ မိနစ်ခန့်က အရပ်ဝတ် ဝတ်ဆင်ထားသည့် ဆိုင်ကယ်စီး လက်နက်ကိုင် ၂ ဦး မုဒုံ လမ်းကြောင်း ဘက်မှ ဝင်လာကာ အောင်ဇေယျ ရပ်ကွက်ရှိ ရဲစခန်းရှေ့ အရောက်တွင် နောက်မှ လိုက်လာသူက ၄ဝ မမ လောင်ချာဖြင့် ပစ်ခတ်ပြီးနောက် ပင ရွာအထွက် လမ်းဘက်သို့ မောင်းပြေး သွားသည်ဟု ရဲစခန်းကပြောသည်။
“စခန်းရှေ့ကနေပြီး ဆိုင်ကယ်နောက်က ထိုင်တဲ့လူက ၄ဝ မမနဲ့ ပစ်သွားတာ စခန်းကို မထိပဲ စည်းရိုးကို ထိသွားတာ စခန်းထဲက လူတွေ ကိုတော့ မထိပါဘူး” ဟု စခန်းတာဝန်ကျ အမည်မဖော်လိုသည့် ရဲအရာရှိ တဦးက မဇ္စျိမကိုပြောသည်။
ပစ်ခတ်သူများက ကြက်သွေးရောင် Dream အမျိုးအစား ဆိုင်ကယ် စီးနင်းလာခြင်းဖြစ်ပြီး ၎င်းတို့ကို ရဲတပ်ဖွဲ့များနှင့် အတူ မြို့ပေါ်အခြေစိုက် ခလရ ၆၂ တပ်ဖွဲ့ဝင်များက ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေကြ သည်ဟု သူက ဆက်ပြောသည်။
မည်သည့် အကြောင်းကြောင်းကြောင့် စခန်းကို ပစ်ခတ်သွားသည်ကို မခန့်မှန်းနိုင်သလို လာရောက် ပစ်ခတ်သွားသူများ မည်သည့်အဖွဲ့က ဖြစ်သည်ကိုလည်း သဲလွန်စ မရှှိသေးကြောင်း ရဲစခန်း ကပြော သည်။
သံဖြူဇရပ်မြို့နယ် ဝန်းကျင်တွင် လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး - KNU၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့ - KPF နှင့် မွန်ပြည်သစ် ခွဲထွက်တပ်ဖွဲ့များလှုပ်ရှားနေ သည်။
ပြီးခဲ့သည့် ဇွန်လကုန်ပိုင်း ကလည်း မြို့ပေါ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး အိမ်နှင့် စစ်ဖက်ထောက်လှမ်းရေး- စရဖ ရုံး အကြားတွင် အင်အားပြင်း ချိန်ကိုက်ဗုံး တလုံး ပေါက်ကွဲခဲ့သည်။ ယင်းပေါက်ကွဲမှုတွင်လည်း အုပ်ချုပ်ရေးမှူး အိမ်ခြံစည်းရိုး အုတ်တံတိုင်းပြိုကျ သွားခဲ့ပြီး ဖောက်ခွဲသူကို ဖေါ်ထုတ်နိုင်ခြင်းမရှိသေးပေ။
ယင်းမတိုင်မီ မေလ ၁၄ ရက် နံနက် ၆ နာရီခွဲခန့်တွင် မည်သည့် အဖွဲ့အစည်းဟု မသိရသည့် လက်နက်ကိုင် ၅ ဦးက မုဒုံမြို့အနီး ကျုံဖိုက်ရွာရှိ အော်တိုအိပ်ချိန်းရုံးကို ပစ်ခတ် ဖောက်ခွဲခဲ့ရာမှ လုံခြုံရေး ရဲသားတဦးနှင့် ရုံးဝန်ထမ်းအချို့ ဒဏ်ရာ ရရှိကာ CDMA ဖုန်းတာဝါတိုင်လည်း ပျက်စီးခဲ့သည်။