ရန်ကုန် (မဇ္ဈိမ) ။ ။ ကွယ်လွန်ပြီးလေသူ စာရေးဆရာပါရဂူ ရေးသားခဲ့သည့် စာပေများကို ခိုးထုတ်နေမှုများ ရှိနေခြင်းကြောင့် စုံစမ်းစိစစ်မှုများ ပြုလုပ်ရန် “စာပေရဲ” များ ရွေးချယ်ထားပြီး ဖြစ် ကြောင်း လောလောလတ်လတ်တည်ထောင် လိုက်သည့် ပါရဂူ၏ စာပေမူပိုင်ခွင့် ကော်မတီ၏ ဥပဒေအကြံပေးဖြစ်သူ မူပိုင်ခွင့် ဥပဒေပညာရှင် ဦးအောင်စိုးဦးက တနင်္လာနေ့တွင် ပြောသည်။
“ခိုးထုတ်တာတွေရှိတယ်။ ဆရာကြီး စာအုပ်တွေကိုပေါ့။ အခုတော့ ကော်မတီလည်း ဖွဲ့ပြီးပြီဆိုတော့ ဘယ်သူတွေ ခိုးထုတ်တယ်ဆိုတာကို စုံစမ်းစိစစ်ဖို့ စာပေရဲလို့ ပြောရမယ့်သူတွေကို ရွေးချယ်ထားပါတယ်” ဟု ဦးအောင်စိုးဦး ဆိုသည်။
ဆရာပါရဂူ၏ စာပေများ မူပိုင်ခွင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ လမ်းရှိ စီးတီးစတား ဟိုတယ်တွင် မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခြင်း ဖြစ်သည်။ ဆရာပါရဂူ၏ စိတ္တရလေခါ၊ ဝေသာလီ ကဲ့သို့သော ဝတ္ထုများကို ခိုးထုတ်မှု ၅ ကြိမ်ခန့် ရှိပြီဟုလည်း ဦးအောင်စိုးဦးက အခမ်းအနားတွင် ပြောသွားသည်။
ဆရာပါရဂူ၏ စာမူခများကို သူတည်ထောင်ခဲ့သည့် ပါရဂူသျှန်တိနိကေတန် စာကြည့်တိုက်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း မူပိုင်ခွင့် ကော်မတီ၏ အတွင်းရေးမှူး ဦးရဲထက်က ဆိုသည်။
“သူ (ပါရဂူ) ရေးထားခဲ့တာ ရှိတယ်။ သူမရှိတော့ရင် ဒီစာကြည့်တိုက်ကြီးကို သူ့စာမူခတွေက ရတဲ့ငွေနဲ့ဆောင်ရွက်ဖို့ဆိုတာ ပါတယ်။ ပြောရရင်တော့ ဆရာကြီးရဲ့ဆန္ဒပေါ့။ သူဖြစ်စေချင်ခဲ့တာကို အကောင် အထည် ဖေါ်လိုက်တာပါပဲ။ အဓိကကတော့ စာမူခတွေကို စုမယ်။ ထိန်းမယ်။စာကြည့်တိုက်အတွက် သုံးမယ်။” ဟု ဦးရဲထက်က ပြောသည်။
မူပိုင်ခွင့် ကော်မတီ အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် စာရေးဆရာကိုတာ၊ ဒုဥက္ကဋ္ဌများမှာ ပန်းချီဆရာ ဦးမျိုးခင် (ထန်းရိပ်ညို)၊ စာရေးဆရာ ဦးမင်းကြော့ရှိန်၊ အတွင်းရေးမှူးများမှာ စာရေးဆရာ ဦးရဲထက်၊ ဦးသန်းစိုးနိုင်၊ ဘဏ္ဍာရေးမှူး ဒေါက်တာ ဒေါ်ခင်မူမူ၊ ဥပဒေအကြံပေး အဖွဲ့ဝင်များမှာ ဦးအောင်စိုးဦး၊ ကဗျာဆရာ အယ်ဒီတာ ဦးသူရဇော်၊ ကဗျာဆရာ ကိုစောဝေ၊ မိုးဆန်းပန်း ဦးဇော်မင်းအေး တို့ ပါဝင်သည်။
အဖွဲ့ဝင် ၁၀ ဦးနှင့် ဖွဲ့စည်းထားသည့် ကော်မတီကို ပါရဂူရှန်တိနိကေတန် စာကြည့်တိုက် ဖြစ်မြောက်ရေး ကော်မတီ အောက်တွင် ထားရှိမည်ဖြစ်ကာ ကော်မတီ အဖွဲ့ဝင်များ၏ သက်တမ်းကို ၂ နှစ်သတ်မှတ်ထား သည်။
ကဗျာဆရာ စောဝေက စိစစ်မှုနှင့် ပတ်သက်၍ အရေးယူသည့် အဆင့်ထိ မရောက်အောင် ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်သည်ဟုလည်း ဆိုသည်။
“ စာအုပ်ဆိုင်တွေက ဝယ်လိုအားကြောင့် ပြန်ရိုက်တာ ရှိတယ်၊ မရှိဘူးဆိုတာ သိသာနိုင်ပါတယ်။ စာပေလောကက လူတွေ ဖြစ်နေတဲ့အတွက် ဒီကိစ္စကို သိနိုင်တယ်။ ဒါကြောင့် အရေးယူတဲ့ အဆင့်ကို မရောက်အောင်ညှိမှာပါ။” ဟုပြောသည်။
ဆရာပါရဂူ၏ လုံးချင်း စာအုပ်ရေ ၁၄၅ အုပ် ရှိရာ ယင်းတို့ကို ပြန်လည်ထုတ်ဝေခွင့် စနစ်တကျ ဖြစ်ရန်၊ ဆရာကြီး၏ စာပေများကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် ပါရဂူရှန်တိနိကေတန် စာကြည့်တိုက် ရေရှည် တည်တံ့ရေးအတွက် ရန်ပုံငွေ အခက်အခဲကို ဖြေရှင်းရန် ရည်ရွယ်ကာ ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။
ဆရာကြီးပါရဂူ၏ စာပေစိစစ်ရေး ကော်မတီကဲ့သို့ပင် ဆရာကြီးရွှေဥဒေါင်း၊ ဆရာလင်းယုန်သစ်လွင် ဆရာအီကြာကွေး စသည့် စာရေးဆရာကြီးများ၏ စာပေများ စိစစ်ရေးကော်မတီများ ဖွဲ့စည်းထားရှိ ကြသည်။
ပါရဂူသျှန်တိနိကေတန် စာကြည့်တိုက်ကို တည်ထောင်ခဲ့သူ စာရေးဆရာကြီး ပါရဂူသည် ယခုနှစ် ဧပြီလ ၉ ရက်နေ့ တွင် ကွယ်လွန်ခဲ့သည်။