ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ခေါင်းစဉ်ကြောင့် ဂျာနယ် သတိပေးခံရ

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ခေါင်းစဉ်ကြောင့် ဂျာနယ် သတိပေးခံရ
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။      ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော လူအများ အာရုံစိုက်သည့်မျက်နှာ ဖုံး သတင်းခေါင်းစဉ်ကြောင့်ပြန်ကြားရေးဝန်ကြီး ဌာန စာပေစိစစ်ရေးမှ သစ္စာဂျာနယ်ကို ခေါ်ယူ သတိပေးခဲ့သည်ဟု စာပေစိစစ်ရေး ဌာနအရာရှိ တဦးက ပြောသည်။

truenewjournal“နိုင်ငံတော်သမ္မတ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ” ဟူသည့် သတင်းခေါင်းစဉ်ဖြင့် သြဂုတ်လ ၂၁ ရက်နေ့တွင်ဖြန့်ချိသည့် သစ္စာဂျာနယ် မျက်နှာဖုံးတွင် ပါရှိခဲ့သည်။

“မြန်မာစာက အထားအသိုလွဲရင် အဓိပ္ပာယ် ပြောင်းသွားတာ ဖြစ်နိုင်တယ်လေ။ ဒါနဲ့ ပတ်သက်ပြီး သူတို့ကိုခေါ်သတိပေးတာပါပဲ။ အရေးယူတာမျိုး မလုပ်ပါဘူး” ဟု  အမည်မဖော်လိုသော စိစစ်ရေး အရာထမ်းက
ပြောသည်။ စာပေစိစစ်ရေးဌာနက မဇ္စျိမ၏ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားခြင်းမှာလည်း ပထမဆုံးဖြစ်သည်။

ဂျာနယ်ဘက်ကမူ ယင်းသတင်းခေါင်းစဉ်ကို အထင်လွှဲမှားစေရန် ထွင်ရေးခြင်းမျိုးမဟုတ်ပဲ သတင်း ခေါင်းစဉ် ကို တိုတိုကျစ်ကျစ်နှင့် စာဖတ် ပရိသတ် သိမှတ်လွယ်စေရန် အတိုချုံ့ ရေးသားခဲ့ခြင်းသာ ဖြစ်သည်ဟု အယ်ဒီတာချုပ် ဦးမျိုးညွန့်မောင် က ပြောသည်။

“ သတင်းခေါင်းစဉ်ကို တိုတိုကျစ်ကျစ် ဖြစ်အောင် လုပ်ထားတဲ့ သဘောပါပဲ၊ အဓိကကတော့ ပုံကိုပဲ အားယူထား တာပါ။ ခေါင်းစဉ်ကလည်း ရှည်ရင် ကျပ်သွားမှာ စိုးလို့လေ” ဟု ဦးမျိုးညွန့်မောင် ကမဇ္စျိမကို ပြောသည်။

သစ္စာဂျာနယ်က စာပေစိစစ်ရေးသို့ မူကြမ်းတင်စဉ်နှင့် ပုံနှိပ် ထုတ်ဝေရာတွင် ကွဲလွဲမှု အချို့ရှိခဲ့သည် ကိုလည်း သတိပေး ပြောဆိုလိုက်သည်ဟုလည်း အထက်ပါစိစစ်ရေး အမှုထမ်း က ပြောသည်။

သစ္စာသတင်း ခေါ် True News ဂျာနယ်သည် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် “ဂျာနယ် တာဝန်ယူရန်” ဟု သတ်မှတ်ထားသည့် သတင်းကို ဖော်ပြမှုဖြင့် စာပေစိစစ်ရေး၏ ပထမဆုံးအကြိမ် ပိတ်ပင်မှု ခံခဲ့ရသည်။

ယင်းအပြင်၂ဝဝ၈ ခုနှစ်ကလည်း ထိုင်းနိုင်ငံ၌ မြန်မာကလေး လုပ်သားတဦး အလုပ်လုပ်နေသည့်ဓါတ်ပုံ အားဖေါ်ပြခဲ့သဖြင့် ၂ လ ပိတ်ပင်ခံခဲ့ရ ထုတ်ဝေခွင့် နှစ်ပတ် ပိတ်ပင်ခံခဲ့ရဖူးသည်။

ယခင်က ပြည်တွင်း ဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံများအား ဖေါ်ပြခွင့် ကန့်သတ်ချက်များ ရှိသော်လည်း သြဂုတ်လ ၁၉ ရက်နေ့ နောက်ပိုင်းတွင် သမ္မတနှင့် တွေ့ဆုံသည့် ပုံများ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံနှင့် သတင်းများအပေါ် ကန့်သတ်ချက်ကို လျော့ချပေးခဲ့သည်။

ယင်းသို့ ဖေါ်ပြခွင့် ပြုခဲ့ခြင်းသည် မီဒီယာ ခေတ်ရေစီးကြောင်းအရ လမ်းဖွင့်ပေးရခြင်း ဖြစ်သည်ဟု စိစစ်ရေး တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့ သွားနေတာကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ စာပေ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲ လာတာပဲ။ တဘက်ကလည်း စာပေခေတ်ရေစီးကြောင်း အရလည်း ဖွင့်ပေးလာရတာပဲ” ဟု သူကပြောသည်။

အစိုးရသစ် သမ္မတဦးသိန်းစိန် ၏ ပထမဆုံး မိန့်ခွန်းတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် စာနယ်ဇင်းများ၏ အခန်းကဏ္ဍကို အလေးထားဖို့ လိုအပ်ကြောင်းနှင့် စာနယ်ဇင်းများမှတဆင့် ပြည်သူများသိသင့်အချက် များကို အသိပေးသွားဖို့ လိုသလို  ထိုစာနယ်ဇင်းများ၏ အပြုသဘောဆောင် အကြံပြုချက်များကိုလည်း အလေးထားဖို့ လိုအပ်ကြောင်းပြောဆိုထားသည်။

မီဒီယာ လွတ်လပ်ခွင့်ကို ရှေးရှုသည့် ခြေလှမ်းတရပ် အနေဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သတင်းမီဒီယာများ၏ ဝေဖန်အကြံပြုမှုကို ခံယူသွားမှာဖြစ်ကြောင်း သြဂုတ်လ ၂၂ ရက်နေ့ ပြန်လည်စတင် သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၏ ဒုတိယ ပုံမှန် အစည်း အဝေးတွင် ပြောသွားသည်။ ထိုနေ့ လွှတ်တော် အစည်းအဝေးများတွင် သတင်းမီဒီယာများကို ပထမဆုံး အကြိမ် အဖြစ် စတင်သတင်းယူ ခွင့်ပြုခဲ့သည်။

Most read this week