ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာတနိုင်ငံလုံးတနှစ် စာအတွက် ကျန်းမာရေး အသုံးစရိတ် လိုအပ်ချက်၏ ၄ဝ ရာခိုင် နှုန်း ကျော်သာရရှိခြင်း ကြောင့်အစိုးရ ဆေးရုံများတွင်ဆေးဝါးမလုံလောက် မှုဖြစ်ပေါ် နေရကြောင်း အင်္ဂါနေ့ အမျိုးသား လွှတ် တော် အစည်းအဝေးတွင် အမတ်တဦး၏ အမေးကို ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင် က ပြောကြား သွားသည်။
ဝန်ကြီးဒေါက်တာဖေသက်ခင်က မြန်မာနိုင်ငံ၏ တနှစ်အတွက် ကျန်းမာရေး အသုံးစရိတ် လိုအပ်ငွေမှာ ကျပ်ငွေ သန်း ၈,ဝဝဝ ဖြစ်ကာ၊ ဌာနမှ ရငွေမှာ သန်း ၃,၅ဝဝ သာရရှိသည်ဟု ပြောကြောင်း လွှတ်တော်တက် အမတ်များ က မဇ္ဈိမကို ပြောသည်။ ကျန်းမာရေး ဝန်ကြီးဌာနမှ ရငွေမှာ အမှန်တကယ် လိုအပ်ငွေ၏ ၄၃ ရာခိုင်နှုန်းကျော်သာ ရရှိနေခြင်းလည်း ဖြစ်သည်။
ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၁၁ မှ ကြံ့ဖွံ့အမတ် ဦးတင်ယု၏ တိုင်းဒေသကြီးနှင့် ပြည်နယ် ဆေးရုံများတွင် ဆေးဝါး လုံလောက်စွာ ကျန်းမာရေး ကာကွယ် စောင့်ရှောက်မှု ပေးနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေကိုမေးမြန်းမှုကို ဖြေကြားသွားခြင်းဖြစ်ပြီး အစိုးရဆေးရုံဆေးခန်းများတွင် ဆေးဝါးမလုံလောက်မှုနှင့် အခြေခံကျန်းမာရေး လိုအပ်ချက်များ ရှိနေသည်ဟုလည်း ဝန်ခံသွားခဲ့သည်။
လူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်၍ မတ်လ လွှတ်တော် အစည်းအဝေးများတွင် ရှမ်းအမျိုးသားများ တိုးတက်ရေးပါတီမှ ဒေါက်တာ စိုင်းကျော်အုန်းက ဝင်ငွေနည်း ပြည်သူများ အခမဲ့ဆေးကု သခွင့် အဆိုကို တင်သွင်းခဲ့သေးသော်လည်း ယခင် ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာ ကျော်မြင့်က စရိတ်မျှပေး ကျန်းမာရေး စနစ် ကျင့်သုံးနေသည်ဆိုကာ အဆိုကို ပယ်ချခဲ့သည်။
အင်္ဂါနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သည့်စည်းမျဉ်း ဥပဒေများ ထုတ်ပြန်ပေးရန် ရှိမရှိ မေးခွန်းကို အမျိုးသားလွှတ်တော် အမတ် ဦးဆွေအောင်က မေးမြန်းရာ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းမှ သစ်တော ဥပဒေမူကြမ်းကို ရေးဆွဲနေပြီဖြစ်ကြောင်း ဖြေကြားသည်။
အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ဒေါက်တာမြအေးမှ “ ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား နိုင်ငံတော် သမ္မတ ကိုယ်စား သို့မဟုတ် ယင်းမှ တာဝန်ပေးအပ်သော ပုဂ္ဂိုလ်က ပုဂ္ဂလိကကျောင်း ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန်” အဆိုကို တင်သွင်းခဲ့သည်။အမျိုးသား လွှတ်တော်မှ ဆက်လက် ဆွေးနွေးရန် သင့်မသင့်ကို ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်မည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်ဘက်တွင် ကြံ့ခိုင်ရေးပါတီ၏ အမတ်များမှ ပညာရေးနှင့် ပတ်သက်သည့် မေးခွန်း ၅ ခု၊ ဆောက်လုပ်ရေးနှင့် ပတ်သက်သည့် မေးခွန်း ၅ ခုတို့ကို မေးမြန်းခဲ့ကြပြီး ပညာရေးနှင့် ပတ်သက်သည့် မေးခွန်းကို ပညာရေးဝန်ကြီး ဒေါက်တာ မြအေးက ဖြေကြားပြီး ဆောက်လုပ်ရေးနှင့် ပတ်သက်သည့် မေးခွန်းကို ဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင်မြင့်မှ ဖြေကြားသွားသည်ဟု လွှတ်တော်တက်အမတ်များက ပြောသည်။
ပြည်သူ့လွှတ်တော်တွင် အမတ် ဦးကြည်မြင့်မှလည်း ရင်းနှီးမြှပ်နှံမှုစရိတ် ကျဆင်းစေရန်နှင့် ပို့ကုန် တိုးတက်စေပြီး စီးပွားရေးတိုးတက်မြင့်မားစေရန် ပို့ကုန်အခွန်များကို ဖယ်ရှားပေးရန် အဆိုတင်သွင်းခဲ့သည်။ ထိုအဆိုကို လွှတ်တော် တွင် ဆက်လက်ဆွေးနွေးရန် သင့်မသင့် ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်မည်ဖြစ်သည်။
တိုးတက်မှုတခုအဖြစ် ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးကျင်းပချိန်များမှာ ပထမအကြိမ်ထက် ပိုမိုလာပြီး အင်္ဂါနေ့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းဝေးများမှာ ၂ နာရီခွဲကြာမြင့်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဂျေကွင်တားနားလည်း နေပြည်တော်ရောက်ရှိနေခိုက်ဖြစ်ကာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နှင့် ဆွေးနွေးခဲ့သေးသည်။
လွှတ်တော်အမတ်များ လိုက်နာရမည့် စည်းကမ်းများ
၁) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်ခြင်း၊
၂) အခြား ဘာသာ သာသနာကို ပုတ်ခတ် ပြောဆိုခြင်း၊
၃) နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်စေခြင်း၊
၄) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း
၅) နိုင်ငံတော်၏ လုံခြံုရေးနှင့် လျို့ဝှက်ချက်ကို တိုက်ရိုက်သော် လည်းကောင်း
သွယ်ဝိုက်၍သော် လည်းကောင်း ပေါက်ကြားစေခြင်း၊
၆) ပုဂ္ဂိုလ် တဦးဦး၏ အကျင့်စာရိတ္တ သို့မဟုတ် အပြုအမူနှင့် စပ်လျဉ်း၍ မေးမြန်းခြင်း၊
၇) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ခြင်း စသည်တို့ကို သတ်မှတ်ထားသည်။