ယာယီ အပစ်ရပ်ပြီး ဆွေးနွေးရန် ဖက်ဒရယ်ကောင်စီ တောင်းဆို

ယာယီ အပစ်ရပ်ပြီး ဆွေးနွေးရန် ဖက်ဒရယ်ကောင်စီ တောင်းဆို
by -
ကွန်းချမ်း

ချင်းမိုင် (မဇ္ဈိမ) ။       ။ ပြည်ထောင်စုတခုလုံး ယာယီအပစ်အခတ်ရပ်ရေး ကြေညာကာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က သမ္မတဦးသိန်းစိန်ထံ စာရေးသား တောင်းဆိုထားသည်။

“ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများကို အင်အားသုံး တိုက်ခိုက်နေခြင်းအားဖြင့် အမြန်ဆုံး ရပ်တန့်ကာပြည်ထောင်စု တခုလုံးနှင့် သက်ဆိုင်သော ယာယီအပစ်အခတ် ရပ်ဆိုင်းရေးကို ကြေညာလျက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ကိုယ်စားပြုသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီနှင့်နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာရန် ပန်ကြားအပ်ပါသည်” ဟု သြဂုတ်လ ၁၇ ရက်ကပေးပို့သောပေးစာတွင် ပါရှိသည်။

သြဂုတ်လ ၁၅ ရက်နေ့စွဲဖြင့် UNFC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လ ကိုယ်တိုင် လက်မှတ်ရေးထိုးကာ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှတဆင့် သမ္မတထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံရေး ဆွေးနွေးချင်ရင် နောင်တက်လာမယ့် အရပ်သား အစိုးရနဲ့ ဆွေးနွေးပါ” ဟု ယခင် အပစ်အခတ် ရပ်ရေး ကာလက စစ်အစိုးရ ပြောခဲ့သည့်အတိုင်း နိုင်ငံရေး ဆွေးနွေးရန် စာရေးရသားခြင်း ဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

ပေးစာတွင် ပင်လုံ သဘောတူညီချက်ကို အခြေခံပြီး၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းညီညွတ်စွာ နေထိုင်သည့်နိုင်ငံများ၏ နည်းနာကို ရယူပြီး ဖြေရှင်းပါက လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဟုလည်း UNFC က ရှုမြင်ကြောင်း ဖေါ်ပြ ထားသည်။  ပေးစာကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း၊ အမေရိကန် သမ္မတ အိုဘားမားတို့ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ အီးယူသမဂ္ဂ စသည့် နိုင်ငံများမှဝန်ကြီးများ ထံသို့လည်း မိတ္တူများ ပေးပို့ထား သည်ဟု သိရသည်။

“ကျနော်တို့ စာရေးပြီး သမ္မတဆီ ပို့နိုင်မယ့် နည်းလမ်းကို ရှာနေရတာနဲ့ ၁၇ ရက်နေ့မှ ထိုင်းက မြန်မာသံရုံးကို FAX နဲ့ ပို့နိုင်ခဲ့တယ်” ဟု နိုင်ဟံသာက မဇ္ဇျိမကို ပြောသည်။

UNFC အနေနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် စုဖွဲ့ထားသည့် မဟာမိတ်အဖွဲ့ကို ကိုယ်စားပြုပြီး ဗဟိုအစိုးရနှင့် တိုက်ရိုက် ဆွေးနွေးလိုသော်လည်း အစိုးရက တဖွဲ့ချင်းနှင့်သာဆွေးနွေး လိုသည်။

သြဂုတ်လ ၁၈ ရက် နေ့စွဲဖြင့် အစိုးရက “ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး “ငြိမ်းချမ်းရေး ဆွေးနွေးလိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် ပဏာမအဆင့် အနေဖြင့် တဖွဲ့ချင်းအလိုက် သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်ရန်” ဖေါ်ပြပါရှိသည်။

သမ္မတ ဦးသိန်းစိန်မှ တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းအလိုက် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်ခြင်းသည် တိုင်းရင်းသားများ၏ သွေးစည်းညီညွတ်မှုကို ဖြိုခွဲရန် ကြံစည်ခြင်းသာ ဖြစ်သည်ဟု နိုင်ဟံသာက ပြောသည်။

“နိုင်ငံရေး ဆွေးနွေးရင် ကျနော်တို့ UNFC မှာ ပါတဲ့ တဖွဲ့ချင်းဆီက ဘယ်တော့မှ ဆွေးနွေးမှာ မဟုတ်ဘူးလို့ သဘောတူထားတာ ရှိတယ်၊ အဖွဲ့တိုင်းကလည်း ဒီအကြောင်းကို အမြဲပြောနေတော့ ဒါကို တုန့်ပြန်တဲ့အနေနဲ့ ညီညွတ်မှုကို ခွဲတဲ့အနေနဲ့ တဖွဲ့ချင်းဆီ ဆွေးနွေးဖို့ ဖိတ်ခေါ်တာ ဖြစ်နိုင်တယ်” ဟု သူက ပြောသည်။

UNFC တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့သည် ယခင် တပ်မတော်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ကြသောအဖွဲ့များ ဖြစ်ပြီး နယ်ခြားစောင့်တပ် သို့မဟုတ်ပြည်သူ့စစ် အသွင်ပြောင်းရန် ဖိအားပေးခံရရာမှာ အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့သည်။

နိုင်ငံတော်၏ ရေအားလျှပ်စစ်စီမံကိန်းကို ဖျက်လိုဖျက်ဆီး လုပ်ရာမှ KIO/ KIA နှင့် ပြဿနာ တက်ရခြင်းဖြစ်ကြောင်း သမတ ဦးသိန်းစိန်က သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် အစိုးရအရာရှိများ၊ စီးပွားရေးလူမှုရေး နယ်ပယ်အသီးသီး အသင်းအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၎င်းပြင် ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွင်လည်း အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင် အဖွဲ့အချို့ ရှိနေကြောင်းနှင့်၊ ထိုအဖွဲ့များသည် အကြမ်းဖက်လုပ်ရပ်များကို အမြန်ရပ်ဆိုင်းပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဗဟိုအစိုးရအနေနဲ့ ပြည်နယ်အစိုးရကို ညွှန်ကြား ထားပြီး ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်တွင်းဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၁၂ ဖွဲ့က အခြေခံ ၆ ဖွဲ့နှင့် မဟာမိတ် ၆ ဖွဲ့အဖြစ် ဖွဲ့စည်းပြီး အစိုးရက စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်း၍ ခုခံကာကွယ်နိုင်ရန်အတွက် UNFC ကို စတင် ဖွဲ့စည်းခဲ့သည်။

Most read this week