နယူးဒေလီ (မဇ္စျိမ) ။ ။ မြန်မာအစိုးရသစ်၏ ပြည်တော်ပြန်ရေး မိန့်ခွန်းကြောင့် ဒုက္ခသည် စခန်း လက်ခံထားရာ သက်ဆိုင်ရာ အစိုးရများမှ တစုံတရာ အရေးယူမှု ရှိလာမည်ကို ထိုင်းနှင့် မလေးရှားရောက် မြန်မာဒုက္ခသည်များကြား စိုးရိမ်မှုများ မြင့်တက်လျက် ရှိသည်။
သမ္မတ ဦးသိန်းစိန်က ပြည်ပ ရောက်သူများအား ပြန်လာမည်ဆိုပါက စဉ်းစားပေးမည် ဖြစ်ကြောင်း သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်၌ ပြောကြားခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ် အုန်းဖျန် ဒုက္ခသည် စခန်းတွင်း ပြည်တော်ပြန်လိုသူများ စာရင်း ကောက်ခံရန် အတွက် ထိုင်းအာဏာပိုင်များက ညွှန်ကြားထားကြောင်းလည်း သိရသည်။
“ဦးသိန်းစိန် အစိုးရပေါ့နော်။ သူလည်းပဲ တိုင်းတပါး ရောက်တဲ့ မြန်မာပြည်သားတွေ ပြန်လာဖို့ သူပြောပြီးတဲ့ မရှေးမနှောင်းမှာ ပေါ့နော်။ ရက်ပိုင်း အနည်းငယ်မှာပဲ သူတို့က ဒါကို တောင်းလာတယ် ဆိုတော့၊ ဒါပေမဲ့ ဒီနေရာမှာ တခုထူးခြားတာက တခြားစခန်းမှာ မရှိသေးဘူးတဲ့။ ကျနော်တို့ စခန်းတခုတည်း ရှိသေးတယ်” ဟု အုန်းဖျန် ဒုက္ခသည်စခန်း ဥက္ကဋ္ဌ ဦးစောဝါးထီးက မဇ္စျိမကို ပြောသည်။
စခန်းတည်ရှိရာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ဥက္ကဋ္ဌက ဘန်ကောက်မြို့သို့ အစည်းအဝေး တက်နေစဉ်အတွင်း စာရင်းများကောက်ယူထားရန် သြဂုတ်လ ၁၈ ရက်နေ့က ဖုန်းဖြင့် ညွှန်ကြားလာခြင်းဖြစ်ကာ မည်သည့် အတွက်ကြောင့်ကောက်ခံခိုင်းသည်ကိုမူ မသိရှိရသေးပေ။
ကောက်ယူရမည့် စာရင်းတွင် အချက်လေးချက် ပါဝင်ကာ မြန်မာပြည် ပြန်မယ့် လူဦးရေ အပါအဝင် စခန်းမှာ တတိယနိုင်ငံ ထွက်ပြီးသူ ဦးရေ၊ ထွက်ခွာရန် လျှောက်ထားဆဲ ဦးရေ၊ ထိုင်းနိုင်ငံတွင်း ဆက်နေထိုင်ဦးမည့် လူဦးရေစာရင်းတို့ ဖြစ်သည်။
“တဖက်က ထိုင်းအစိုးရကလည်း ကျနော်တို့ကို အတိအကျရယ်လို့လည်း မပြောပါဘူး။ ဒီ ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုး သူတို့နိုင်ငံမှာ လျော့နည်းဖို့ အတွက်လည်းပဲ လမ်းတွေဘာတွေ ပေါ်လာမယ် ဆိုရင်တော့ သူလည်းပဲ ရှင်းထုတ်ချင် တာပေါ့” ဟု ဦးစောဝါးထီးက သူ၏ အမြင်ကို ပြောပြသည်။
အုန်းဖျန် စခန်းကို ၁၉၉၉ ခုနှစ် သြဂုတ်လကတည်းက တည်ထောင်ခဲ့ခြင်း ဖြစ်ကာ ရပ်ကွက်ပေါင်း ၁၆ ရပ်ကွက် ရှိသည်။
ယခုအချိန်ထိ စခန်းတွင်း ဒုက္ခသည် ဦးရေ ၂၅၀၀၀ ကျော်ရှိသည်။ ယင်းတို့ထဲတွင် ၁၁၄၀၄ ဦးမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အသိအမှတ်ပြု လက်မှတ်ရပြီးသူများဖြစ်ကာ ကျန်သူများမှာ
လျှောက်ထားဆဲ ဖြစ်သည်။
ယခုကဲ့သို့ လူစာရင်း ကောက်ခံရန် ညွန်ကြားမှုမှာ မည်သည့် အတွက်ကြောင့်ဟု မသိရှိရသေးသဖြင့် ကောက်ခံမှုကို မစတင်သေးဘဲ တာ့ခ်ခရိုင် ဥက္ကဋ္ဌဖြင့် ယနေ့ သွားတွေ့ရန် စီစဉ်ထားသည်ဟု သိရသည်။
“အဓိက စိုးရိမ်တာကတော့ ထိုင်းက ဒုက္ခသည်စခန်းတွေကို ပိတ်လိုက်မှာ စိုးရိမ်နေတာ။ တချို့ကလည်း ဟိုဘက်က တကယ့် နိုင်ငံရေး လုပ်တဲ့သူ အားလုံးတောင်မှ မလွှတ်ပေးသေးဘူး။ နောက်ပြီးတော့ ငြိမ်းချမ်း ရေး အဖွဲ့တောင်မှ စစ်တိုက်မှုတွေ ပြန်ဖြစ်နေတယ်ဆိုတော့ ခုလို ပြန်ခေါ်တာ ဘယ်နည်းနဲ့မှ မဖြစ်နိုင် ဘူးဆိုပြီး မယုံကြည်ကြဘူးပေါ့ဗျာ” ဟု စခန်းတွင်း ရ နှစ်ကြာ ရောက်ရှိနေခဲ့သည့် ကိုမျိုးသန့်က ဆိုသည်။
အလားတူ မလေးရှားနိုင်ငံတွင်လည်း မလေးအစိုးရ၏ ပြည်တော်ပြန်ပို့ရေး 6Ps စီမံကိန်းကြောင့် စိုးရိမ်မှုများ ရှိနေခဲ့ရာ ယခု မိန့်ခွန်းသစ်ကြောင့် ပိုမို တင်းကြပ်လာမည်ကို စိုးရိမ်နေကြသည်။
“တချို့က ဒုက္ခသည် ကတ်ပြား (UNHCR တရားဝင်အသိအမှတ်ပြု) မရသေးဘူးပေါ့။ ... အချိန်မရွေးဖမ်းခံ ထိနိုင်တဲ့ အနေအထားမှာ ရှိတယ်” ဟု မလေးရှား အခြေစိုက် Burma Campain – Malaysia မှ တာဝန်ခံ ကိုထွန်းထွန်းက ဆိုသည်။
မလေးရှား အစိုးရက သြဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တရားမဝင် နိုင်ငံခြားသားများကို ပြန်တော် ပြန်ပို့ရေး 6Ps စီမံကိန်းဖြင့် တရားဝင် ဖြစ်အောင် လုပ်ဆောင်နေပြီး မပြုလုပ်သူများကို နိုဝင်ဘာလ အတွင်း တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖမ်းဆီးသွားမည် ဖြစ်သည်။
ယင်းစီမံကိန်းတွင် ဒုက္ခသည်များလည်း ပါဝင်မည်ဖြစ်ကာ မလုပ်ဆောင်သူများကို နိုဝင်ဘာလအတွင်း တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖမ်းဆီးမှု ပြုသွားမည်ဟု ကြေညာထားသည်။
ပြန်တော်ပြန်ပို့ရေး 6Ps စီမံကိန်းမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို အစိုးရရဲ့ မှတ်ပုံတင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊အရေးယူခြင်း နှင့် နယ်နှင်ဒဏ်ပေးခြင်း စသည်တို့ ဖြစ်သည်။
မလေးရှားတွင် UNHCR အသိအမှတ်ပြု လက်မှတ်ရ ရ၃၀၀၀၊ လျှောက်ထားသူပေါင်း ၁၂၀၀၀ ကျော်ရှိသည် ဟု UNHCR မလေးရှား ဝက်ဘ်ဆိုက်တွင် ဖော်ပြထားကာ အသိအမှတ်ပြု လက်မှတ် မရှိဘဲ နေထိုင်သူ ၅၀၀၀ ရှိသည်ဟု ပါရှိသည်။ သို့သော် နည်းမျိုးမျိုးဖြင့် ရောက်ရှိလာသည့် မြန်မာ ဒုက္ခသည်ပေါင်း ၄ သိန်းကျော်ရှိနေ သည်ဟု မလေးရှားအခြေစိုက် မြန်မာအဖွဲ့အစည်းများက ခန့်မှန်းထားသည်။
“ပြဿနာက 6Ps ထဲမှာ မပါဝင်တဲ့သူတွေ အတွက်ပဲ စိုးရိမ်ရတယ်လေ။ မပါဝင်တဲ့ သူတွေ ဆိုတာလည်း ဒီ ဒုက္ခသည်တွေပဲ။ ပြီးတော့ ဒီမလေးရှား အစိုးရကနေပြီးတော့ တကူးတက ပြန်ပို့မယ် ဆိုတာက ဒီ 6Ps ထဲမှာ ပါဝင်တဲ့သူ၊ ယူအမ်ကတ် ကိုင်ထားတဲ့သူတွေ မဟုတ်ဘူးပေါ့နော်။ အဲဒီတော့ ကွန်မြူနတီကတ် ကိုင်တဲ့သူ တွေကို ဖမ်းမိတဲ့ အခါကျရင် ပြန်ပို့မယ့် အနေအထားပါ” ဟု မလေးရှားအခြေစိုက် ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ AAR ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုနေမင်းထွန်းက ဆိုသည်။
မလေးရှားရောက် မြန်မာဒုက္ခသည် အများစုမှာ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် ကွန်မြူနတီ အသီးသီး ဖွဲ့စည်းထားကာ ယင်းကွန်မြူနတီ အဖွဲ့ဝင် ကတ်များ ကိုင်ဆောင်ထားကာ နားလည်မှုဖြင့် နေထိုင်ကြရသည်။
ဒုက္ခသည်များအနေဖြင့် မိမိတို့အား လက်ခံထားသည့် အစိုးရများမှ တစုံတရာ ဖိအားပေး ဆောင်ရွက်မှုကို စိုးရိမ်နေ ကြကာ မြန်မာပြည်တွင်း စစ်မှန်သည့် ပြောင်းလဲမှု ပေါ်ပေါက်လာမည်ဆိုပါက ပြန်ကြမည့်သူများ သာ ဖြစ်သည်ဟုပြောဆိုနေကြသည်။
“မပြန်ချင်ဘူးရယ်လို့တော့ မဟုတ်ဘူး။ တိုင်းတပါးမှာ ရောက်နေတဲ့ မြန်မာပြည်သား အားလုံးနဲ့တကွ ဒုက္ခသည် အပါအဝင် အားလုံးပေါ့။ ကိုယ့်မြေ၊ ကိုယ့်နေရာ၊ ကိုယ့်ဒေသ၊ တကယ်စစ်မှန်သောငြိမ်းချမ်း သာယာမှု၊ တည်ငြိမ်မှု၊ လုံခြံုမှုရှိမယ် ဆိုရင်တော့ မပြန်ချင်တဲ့သူ တယောက်မှ မရှိပါဘူး” ဟု နှစ်ပေါင်း ၂၀ ကျော်ကြာ ဒုက္ခသည် အဖြစ်နေထိုင်နေသူတဖြစ်လည်း အုန်းဖျန် ဒုက္ခသည်စခန်းဥက္ကဋ္ဌ ဦးစောဝါးထီးက ပြောဆိုသည်။