ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား

ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား
by -
မဇ္စျိမသတင်းဌာန

ချင်းမိုင် (မဇ္ဈိမ) ။ ။ သောကြာနေ့တွင် နေပြည် တော်၌ ကျင်းပမည့် သမ္မတ ဦးသိန်းစိန် တက် ရောက်မည်ဖြစ်သော နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုး တက်မှု ဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံဆွေး နွေးပွဲသို့ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ရန် တရားဝင်ဖိတ်ကြားထား ပြီး ဖြစ်သည်။

daw-aung-san-ssu-kyiအစိုးရအရာရှိများ၊ နိုင်ငံရေး ပါတီများနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်မည့် အလုပ်ရုံဆွေးနွေး ပွဲဆိုင်ရာ ကျင်းပရေး ဦးစီးကော်မတီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ဗုဒ္ဓဟူးနေ့က သွားရောက်ကာ ဖိတ်စာပေး ဖိတ်ကြားထားခြင်း ဖြစ်သည်။

“ဖိတ်စာ မနေ့က ရပါပြီ၊ စီးပွားရေး အလုပ်ရုံ ဆွေးနွေးပွဲပါ၊ ၁၉ ရက် ၂ဝ ရက်နေ့ နှစ်ရက်အတွက်ဖိတ်တာ ပါ” ဟု သူ၏ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲ တက်ရောက်ပါမည်လား ဆိုသော အမေးကိုတော့ ဦးဉာဏ်ဝင်းက မသိပါကြောင်း ဖြေကြားသည်။

သို့သော် ပါတီတွင်း သတင်းရပ်ကွက် တခုက ဒေါ်အောင်ဆန်းစုကြည်သည် လေ့လာသူ အနေဖြင့် တက်ရောက် ရန် သဘောတူညီပြီး ဖြစ်သည်ဟု ဆိုသည်။

အလုပ်ရုံ ဆွေးနွေးပွဲမှာ သုံးရက် ကြာမြင့်မည် ဖြစ်ကာ နေပြည်တော်ရှိ မြန််မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ကျင်းပမှာ ဖြစ်သည်။

ဆွေးနွေးပွဲသို့ နိုင်ငံရေး ပါတီ ၃၇ ပါတီကိုလည်း ဖိတ်ကြားထားပြီး တပါတီလျှင် ၃ ဦးစီ တက်ရောက်ခွင့် ပြုထားသလို တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဝန်ကြီး နှစ်ဦးစီနှင့် စီးပွားရေး လုပ်ငန်းရှင် ၃ ဦးစီ အထိ တက်ရောက်ရန်လည်း ညွှန်ကြားထားသည်။