ချင်းမိုင်(မဇ္ဈိမ) ။ ။ စီးပွားရေး လုပ်ငန်းရှင်ကြီး များနှင့် စီးပွားရေး အသင်းအဖွဲ့များကို သမ္မတက စီးပွားရေးနှင့် ပတ်သက်သည့် လမ်းညွှန်ချက်များ ပေးရန် ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်သို့ လာရောက် ကြဖို့ မြန်မာနိုင်ငံ စက်မှုလုပ်ငန်း ဖွ့ံဖြိုးတိုးတက်ရေး ကော်မတီမှ ဖိတ်ကြားထားသည်။
စီးပွားရေး လုပ်ငန်းရှင်များကို သမ္မတမှ သီးသန့် ခေါ်ယူတွေ့ဆုံရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲသဘော မျိုးမဟုတ်ဘဲ သမ္မတမှ စီးပွားရေးနှင့် ပတ်သက်သည့် လမ်းညွှန်ချက်များ ချမှတ်ပေးနိုင်သည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဦးခင်ရွှေမှ မဇ္ဈိမကို ပြောသည်။
“ အဓိကကတော့ နိုင်ငံရဲ့ စီးပွားရေးကို သမ္မတကနေပြီး တော့ လမ်းညွှန်မှာပေါ့ ဘာပြောမယ် ညာပြောမယ် ဘာလုပ်မယ် ညာလုပ်မယ်ပေါ့ အရေးကြီးလို့လည်း ခေါ်ပြောတာ ဖြစ်ပါ လိမ့်မယ် ဆိုတော့ သူလုပ်ချင်တဲ့ လမ်းစဉ်ကို သူရှင်းပြဖို့ ဖြစ်ပါလိမ့်မယ် ” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း၊ ဟိုတယ်နှင့်ခရီးသွား လာရေး လုပ်ငန်းရှင်များ အသင်း စသည်ဖြင့် စီးပွားရေး အသင်းပေါင်း ၅၀ ကျော်ကို ဖိတ်ကြားထားပြီး တသင်းချင်းစီကို အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌအပါအဝင် ၁ဝ ဦးစီ တက်ရောက်ရန် ဖိတ်ကြားထားသည်။
ယခုနှစ် မေလ ၂ဝ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဆင်းရဲမွဲတေမှု ပပျောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကိုလည်း သမ္မတမှ ဦးဆောင်ကာ နေပြည်တော်တွင် ကျင်းပခဲ့သေးသည်။ အလုပ်ရုံ ဆွေးနွေးတွင် အသေးစား ချေးငွေ ထုတ်ပေးရေး၊ လယ်ယာနှင့် သားငါးကဏ္ဍ တိုးတက်ရေး၊ သမဝါယမ လုပ်ငန်းများ တိုးတက်ရေး စသည့် လုပ်ငန်းများ အတွက် ဆွေးနွေးခဲ့ကြသည်။
မတ်လ ၃၁ ရက်နေ့တွင် ရပ်နားခဲ့သည့် ပုံမှန် လွှတ်တော် အစည်းအဝေးများကိုလည်း ယခုလ ၂၂ ရက်နေ့ တွင်ပြန်လည် ခေါ်ယူရန်ရှိပြီး လွှတ်တော် မတိုင်ခင် စီးပွားရေး ကော်မရှင် သို့မဟုတ် စီးပွားရေး ကော်မတီ ကဲ့သို့သော အဖွဲ့မျိုး ဖွဲ့ရန် ရှိနိုင်ကြောင်းလည်း ဦးခင်ရွှေက သုံးသပ်သည်။
“ လွှတ်တော်ကလည်း လာခါနီးပြီးဆိုတော့ စီးပွားရေး ကော်မရှင်တို့ ကော်မတီတို့လည်း ဖွဲ့ရတော့မှာ တကယ့် အသက်ဝင်မယ့် လုပ်ငန်းမျိုးတွေ လုပ်ရတော့မှာ ဆိုတော့ စီးပွားရေးသမားတွေနဲ့ကော သူနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ကော ခေါ်တွေ့တဲ့သဘောပေါ့ ” ဟု သူက ဆိုသည်။
ထို့အပြင် ဦးသိန်းစိန်က တိုင်းပြည်သို့ မိန့်ခွန်း ပြောကြားမည် ဖြစ်သည်ဟု ဘောဂဗေဒ ပညာရှင် ဦးခင်မောင်ညိုက သူ၏ ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။
အခြားသော သတင်းရပ်ကွက်များကလည်း မူဝါဒရေးရာ မိန့်ခွန်း ပြောကြားမှုဖြစ်ပြီး လွှတ်တော် ဒုတိယ အကြိမ်ခေါ်ယူမှု မတိုင်မီ အစိုးရ၏ မူဝါဒဆိုင်ရာ ရှင်းလင်းမှု တခု ဖြစ်သည်ဟု ဆိုသည်။
အာဏာရ ကြံ့ဖွံ့ပါတီကလည်း လာမည့် လွှတ်တော်တွင် မေးခွန်းပေါင်း ၁၀၀ ကိုမေးမြန်းရန် ပြင်ဆင်ထား သည်ဟု သိရသည်။ ထို့အပြင် ကြံ့ဖွံ့ပါတီ၏ အထွေအထွေ အတွင်းရေးမှူး ဦးဌေးဦးမှာ စင်္ကာပူနိုင်ငံတွင် ဆေးစစ်မှု ခံယူနေရပြီး ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်မည်ဟု ပါတီတွင်း သတင်းရပ်ကွက်က ဆိုသည်။
ထူးခြားမှု တခုအနေဖြင့် မြန်မာအစိုးရ အဆက်ဆက်က ဝါဒဖြန့် လက်နက်တခုအဖြစ် အသုံးပြုခဲ့သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ဖေါ်ပြလေ့ရှိသည့် “ VOA, BBC ရန်တိုက်ပေးနေသည်။ RFA, DVB သွေးထိုးနေသည်။ ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံ လူသတ်သမား နားမယောင်လေနဲ့ သတိထား ” ဟူသည့် ပြည်ပအခြေစိုက် သတင်းဌာနများကို တိုက်ခိုက်ရေးသားထားသည့် စာသားများ ယနေ့ထုတ် သတင်းစာများတွင် မတွေ့ရပါ။