ပဋိပက္ခ အမြင်ရှောင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်စုနှင့် အစိုးရ သဘောတူညီ

ပဋိပက္ခ အမြင်ရှောင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်စုနှင့် အစိုးရ သဘောတူညီ
by -
သဲသဲ

နယူးဒေလီ(မဇ္စျိမ) ။ ။ ပဋိပက္ခအသွင်ဆောင် သော အမြင်သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန်ကူညီ ပူးပေါင်း ဆောင်ရွက် သွားရန် အပါအဝင် သဘောတူညီချက် ၄ ချက်ပါပူးတွဲ ကြေငြာချက်ကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့သောကြာ နေ့ တွေ့ဆုံမှု အပြီးတွင် ထုတ်ပြန်လိုက်သည်။

အစိုးရသစ်၏ ဒုတိယအကြိမ် ဖိတ်ကြားချက်ဖြင့် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်း စုကြည် တို့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရဂေဟာ၌ နေ့လည် ၁ နာရီမှ စတင်ကာ မိနစ် ၅၀ ကြာ တွေ့ဆုံခဲ့ပြီးနောက် ပူးတွဲကြေငြာချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က သတင်းထောက်များကို ဖတ်ကြားပြခဲ့ခြင်း ဖြစ်သည်။

တိုင်းပြည်တည်ငြိမ်ရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဒီမိုကရေစီထွန်းကားရေးနှင့် စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဖွံ့ဖြိုးစေရန် အပြုသဘော ပူးပေါင်းရန်နှင့် တွေ့ဆုံမှုများ ဆက်လက်ပြုလုပ်သွားရန် ကြေငြာချက်၌ ပါဝင်သည်။
2kyimet
တွေ့ဆုံ ဆွေးနွေးမှု၌ တိုးတက်မှု ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းချက်ကို “ပူးပေါင်း ဆောင်ရွက်မယ် ဆိုလို့ရှိရင် တိုင်းရင်းသား ကိစ္စတွေမှာလည်း တိုးတက်မှု ရှိရမှာပါပဲ။ ဘယ်ဘက်မှာ မဆို တိုးတက်မှု ရှိရမှာပဲလေ။ မီဒီယာ အပါအဝင်ပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်က “ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်အောက်တွင် အဆိုပါ ကိစ္စရပ်လည်း ပါဝင်သည်ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်။

“ပူးပေါင်း ဆောင်ရွက်တယ် ဆိုတာ ကျနော်တို့ နိုင်ငံအတွက် တကယ် လိုအပ်တဲ့ အဓိက ပြဿနာ တခုပါ။ ဒီကိစ္စပြေလည်သွားပြီ ဆိုတဲ့ အချိန်ကျရင် ကျန်တဲ့ ကိစ္စတွေအားလုံးကိုလည်း အလွယ်တကူဖြေရှင်းသွား နိုင်မှာဖြစ်ပါတယ်” ဟု ဦးအောင်ကြည်က သတင်းထောက်များကို ပြောကြားခဲ့သည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးအပြင် အလုပ်သမား ဝန်ကြီး ဖြစ်သော ဦးအောင်ကြည်နှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင်လ ၂၅ နေ့တွင်လည်း အလားတူ တွေ့ဆုံမှု
ပြုလုပ်ခဲ့သေးသည်။

ထိုစဉ်က နှစ်ဖက်စလုံးက အပြုသဘောဆောင်သော ဆွေးနွေးပွဲ ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုခဲ့သော်လည်း
ဆွေးနွေးမှု အသေးစိတ်ကိုမူ နှစ်ဖက်စလုံးက ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ထိုသို့ တွေ့ဆုံခဲ့ပြီးနောက် ၃ ရက် အကြာတွင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များထံ ငြိမ်းချမ်းရေး အိတ်ဖွင့် ပေးစာနှင့် သြဂုတ်လ ၁၁ ရက်နေ့တွင် ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းများ အပေါ် စိုးရိမ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

ယခုတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည် ပဲခူး ခရီးစဉ် မတိုင်မီ ၂ ရက် အလိုတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သူမ၏
နယ်ခရီးစဉ် လုံခြံုရေးအတွက် အစိုးရ အာဏာပိုင် အဖွဲ့များနှင့် ညှိနှိုင်းမှုများ ရှိကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံ ဆွေးနွေးမှုအပေါ် ကျောင်းသားများ အပါအဝင် သဘောထား တင်းမာ
ပြတ်သားသော အတိုက်အခံ အင်အားစုများကလည်း ထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

ဦးအောင်ကြည်မှာ ယခင် စစ်အစိုးရ လက်ထက်တွင် ဆက်ဆံရေး ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ငြိမ်းချမ်းရေး
နိုဘယ်ဆုရှင်နှင့် ၂၀၀၇ ခုနှစ်မှ စတင်၍ တွေ့ဆုံ ဆွေးနွေးမှုပေါင်း ၉ ကြိမ် ဆွေးနွေးမှုပြုခဲ့ပြီး ဖြစ်သည်။
--------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ဆွေးနွေးပွဲ ထုတ်ပြန်ချက်

ပြည်ထောင်စု နိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်အရ့ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကို ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် ၂ဝ၁၁ခုနှစ် သြဂုတ်လ ၁၂ရက် ယနေ့
မွန်းလွဲ ၁ နာရီမှ ၁နာရီ ၅ဝ အထိတွေ့ဆုံခဲ့ပါသည်။ ယနေ့တွေ့ဆုံမှုတွင် အောက်ပါအတိုင်း သဘောတူညီခဲ့ကြ
ပါသည်။

၁) ပြည်သူလူထု တရပ်လုံး၏ ပကတိလိုအပ်ချက် ဆန္ဒများကို ဖြည့်ဆည်းပေးသည့် အနေဖြင့် တိုင်းပြည် တည်ငြိမ်
အေးချမ်းရေးနှင့် ဖွ့ံဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် နှစ်ဘက်လက်တွဲဆောင်ရွက်သွားမည်။

၂) မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဆက်လက်ဖွံ့ဖြိုးထွန်းကား စေရေးအတွက်လည်ကောင်း၊ စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်းကောင်း၊ အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည်။

၃) ပဋိပက္ခအသွင်ဆောင်သော အမြင်သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန် ကူညီသော ပူးပေါင်း
ဆောင်ရွက်ရေး လုပ်ငန်းစဉ် အတွက် ဦးတည်ချက်ထား၍ ဆောင်ရွက်သွားမည်။

၄) တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည် ။

သတင်းထုတ်ပြန်ချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကဖတ်ကြားခဲ့ပြီးတော့ သတင်းထောက် ၃ ဦးရဲ့
မေးခွန်းတွေကို ခေါင်းဆောင် ၂ ဦးက ဖြေကြားခဲ့ပါတယ်။

ဒုတိယအကြိမ် တွေ့ဆုံမှုကနေ ဘယ်လိုကဏ္ဍမှာ ထူးထူးခြားခြား သိသိသာသာ ပြောင်းလဲ တိုးတက်လာမယ်လို့
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မျှော်လင့်ထားပါသလဲ ခင်ဗျ။

ကျမတို့ ဒိအထဲမှာ ပါတဲ့အတိုင်းပဲ ကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်။ နောက် အားလုံးပေါ့လေ၊ တိုင်းပြည်အတွက် ကောင်းမယ့်ဟာတွေ အားလုံး နေရာတကာမှာ တိုးတက်မှု ရှိမယ်လို့ မျှော်လင့် ပါတယ်။ မေးခွန်းတွေက သိပ်မရှင်းလို့ ရှင်းရှင်းမေးပေးပါ။

(မေး) အရင်တပတ်တုန်းကလည်း ဒီလိုပဲလေ ယေဘူယျသဘော ပြောသွားတယ်လို့ သိထားလို့့ပါ ခင်ဗျာ ။ဥပမာ တိုင်းရင်းသား ကိစ္စတွေမှာ ဘယ်လို တိုးတက်မှုတွေ ရလာမယ်လို့ ထင်ပါသလဲ ခင်ဗျ။

ပူးပေါင်း ဆောင်ရွက်မယ် ဆိုလို့ရှိရင် တိုင်းရင်းသား ကိစ္စတွေမှာလဲ တိုးတက်မှု ရှိရမှာပါပဲ။ ဘယ်ဘက်မှာမဆို တိုးတက်မှု ရှိရမှာပဲလေ။ တကယ်တော့ ကျမတို့ နိုင်ငံအကျိုးကို ပူးပေါင်း ဆောင်ရွက်မယ် ဆိုလို့ရှိရင် မီဒီယာ အပါအဝင်ပေါ့ တိုးတက်မှုဆိုတာ ရှိရမှာပေါ့။

(မေး) ပြီးခဲ့တဲ့တခေါက် ပူးတွဲ ကြေငြာချက်ထဲမှာ သဘောထား ကွဲလွဲနေမှု စိတ်ဝမ်း ကွဲလွဲနေမှုတွေကို ဆွေးနွေး
မယ်လို့ ပြောပါတယ်။ အဲဒါဟာ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားကို ပြောတာပါလား။ ဒါမှ မဟုတ်
လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရ အကြား ပြောတာပါလား ။ နောက်တခုက အဲဒီမှာ ပါပါတယ် တရား
ဥပဒေ စိုးမိုးရေး ကိစ္စ ဆွေးနွေးတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီကို တရားမဝင်ဘူးလို့
ပြောထားတာရှိတော့ အဲဒါတွေကို ဆွေးနွေးတာပါလား။

ဦးအောင်ကြည်က ဖြေပါတယ်။ ကျွန်တော်တို့ စိတ်ဝမ်းကွဲပြားမှု လျော့ပါးဘို့ ဆိုတာက စိတ်ဝမ်းကွဲပြားမှုဆိုတာ
နေရာတိုင်းမှာ ရှိနိုင်ပါတယ်။ သဘာဝအားဖြင့် ဒိုင်ဗာစတီနဲ့ ယူနတီဆိုတဲ့ သဘောပေါ့ ဘယ်လို လုပ်ငန်းမှာ မဆို လူတိုင်းမှာ စိတ်ဝမ်းကွဲပြားမှုဆိုတာ ရှိနိုင်ပါတယ်။ သို့ရာတွင် အခုကျနော် ပြောသွားတဲ့ အတိုင်းပဲ ပူးပေါင်း
ဆောင်ရွက်မှုကိုတော့ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

(မေး) ကျနော် ဦးအောင်ကြည်ကို မေးချင်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုက ဘယ်လိုစလုပ်နေပြီလဲ၊ လုပ်နေပြီ ဆိုနေရင်လည်း ဘယ်အထိရောက်နေပြီလဲ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်က အိပ်ဖွင့်ပေးစာနဲ့
ငြိမ်းချမ်းရေး ကမ်းလှမ်းချက် လည်းပြောထားပါတယ်။ အဲဒါကိုကော ဘယ်လိုဆက်လုပ်သွားမလဲ။

(ဖြေ) ဒါတွေအားလုံးဟာ ပူးပေါင်း ဆောင်ရွက်မှု ခေါင်းစဉ်အောက်မှာ ပါပါတယ်။ ပူးပေါင်း ဆောင်ရွက်တယ် ဆိုတာ ကျနော်တို့ နိုင်ငံအတွက် တကယ်လိုအပ်တဲ့ (main problem) အဓိကပြသနာ တခုပါ။ ဒါကြီးကို ဖြေရှင်းနေကြတာ
ဖြစ်ပါတယ်။ ဒီကိစ္စ ပြေလည်သွားပြီဆိုတဲ့ အချိန်ကျရင် ကျန်တဲ့ ကိစ္စတွေအားလုံးကိုလည်း main problem ကြီးရဲ့ အကျိုးဆက် တရားများ တနည်းအားဖြင့် တော့ (corollary) ကိုလည်း အလွယ်တကူ ဖြေရှင်းသွားနိုင်မှာ
ဖြစ်ပါတယ်လို့ပြောရင်း နိဂုံးချုပ်ပါတယ်

Most read this week