နယူးဒေလီ(မဇ္စျိမ) ။ ။ တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ် ဟိန္ဒားကျေးရွာ အုပ်စုရှိ ဥယျာဉ်ခြံဧက ၄ဝဝ ခန့်ကို ကောင်းထက် ကုမ္ပဏီက လျော်ကြေးမပေးဘဲ ရာဘာစိုက်ပျိုး ရန် သိမ်းယူသည်ဟုဆိုကာ မကျေနပ်သည့် ခြံပိုင်ရှင် ၁၅ ဦးနှင့် ကုမ္ပဏီတို့ အငြင်းပွားမှု ဖြစ်နေသည်။
နှစ်ရှည် ရာဘာ စိုက်ပျိုးရေး စီမံကိန်းအတွက် မြေလွတ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့မှ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီတွင် ကောင်းထက်ကုမ္ပဏီသို့ မြေဧက ၈ဝဝ လုပ်ကိုင်ခွင့်ချပေးခဲ့ရာ ဖွတ်လတ်တို၊ ကြက်ပေါင်ချောင်းနှင့် ဘူတာရုံ ကျေးရွာသားများ စိုက်ပျိုးထားသည့် ကွမ်းသီး၊ သီဟိုဌ်နှင့် ရာဘာခြံများ ပါဝင်သဖြင့် အငြင်းပွားနေကြခြင်း ဖြစ်သည်။
“သူတို့က လုပ်ပိုင်ခွင့်ရထားတဲ့ နေရာဆိုပြီး သူတို့က အတင်းဝင်လာပြီးတော့ အာဏာပိုင်နဲ့ ပေါင်းပြီးမောင်း ထုတ်တယ်၊ သူတို့စိုက်ထားတဲ့ အပင်တွေကိုလည်း အဲဒီလူတွေ(ကုမ္ပဏီ)ကအတင်းဝင်ဖျက် ဆီးတယ်”ဟု ခြံပိုင်ရှင်များကို လိုက်ပါ ကူညီသူ ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္စျိမကိုပြောသည်။ စိုက်ပျိုးထားသည့် ရာဘာပင်များမီးရှို့ ဖျက်ဆီးခံခဲ့ရသည်ဟု သူက ဆိုသည်။
ခြံပိုင်ရှင်များနှင့် ဒေသခံ အာဏာပိုင်များကို ကုမ္ပဏီပိုင် နယ်မြေအတွင်း ဝင်ရောက် စိုက်ပျိုးခြင်း မပြုရန် ၂ဝဝ၉ ခုနှစ် မေလတွင် ထားဝယ်မြို့၌ ခေါ်ယူပြောဆိုခဲ့သော်လည်း ကျူးကျော် စိုက်ပျိုးနေမှုများ တွေ့ရှိသဖြင့် ဖယ်ရှားပေးရန် ကောင်းထက်ကုမ္ပဏီမှ ဒေသအုပ်ချုပ်ရေးအဖွဲ့ထံ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလတွင် စာပို့ အကြောင်းကြားခဲ့သည်။
အကြောင်းကြားစာတွင် ကျူးကျော် စိုက်ပျိုးထားသည့် ရာဘာပင်နှင့် ကွမ်းပင်များအား ဖယ်ရှားပေးရန်နှင့်ထိုနေရာတွင် မီးတားလမ်းများ ပြုလုပ်ပေးရန်၊ မဆောင်ရွက်ပါက အပင်များ မီးဘေး အန္တရယ်အတွက် တာဝန်မယူကြောင်း ရေးသားထားသည်။
ထို့နောက် ၂ဝ၁၁ခုနှစ် ဇူလိုင် ၁၃ ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးက ခြံပိုင်ရှင်များ မြေယာကိစ္စ မရှင်းလင်းမချင်း ကျူးကျော်ဝင်ရောက် စိုက်ပျိုးခြင်း မပြုလုပ်ရန် အမိန့်ထုတ်ခဲ့သည်။
ထို့နောက်တွင် ခြံပိုင်ရှင်များက ကုမ္ပဏီနယ်မြေသို့ ဝင်ရောက်စိုက်ပျိုးခြင်း မပြုတော့ဘဲ မြေသိမ်းမှု အတွက် ဥပဒေဖြင့် ဖြေရှင်းပေးရန် ခြံရှင် ၁၅ ဦးကိုယ်စား ဒေါ်လှကြည်နှင့် ဒေါ်လှရီက ဦးဆောင်ကာ နိုင်ငံတော် သမ္မတနှင့်နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO ထံ တနင်္လာနေ့က လက်မှတ်ရေးထိုး တိုင်ကြားခဲ့ကြသည်။
တိုင်ကြားစာတွင် ထိုမြေပေါ်တွင် ဆက်လက် လုပ်ကိုင်လိုပါက မြေခွန်ကို ကုမ္ပဏီသို့ ပေးသွင်းရမည့် အပြင်ကုမ္ပဏီမှ စိုက်ပျိုးထားသည့် အပင်များကိုလည်း စောင့်ရှောက်ပေးရမည်ဟု ခိုင်းစေကြောင်း ရေးသားထားသည်။
အငြင်းပွား ဥယျာဉ်ခြံများမှာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စစ်ဗျုဟာမှူးတို့၏ ခွင့်ပြုချက်ဖြင့် မြေရိုင်းများကို ခုတ်ထွင် ရှင်းလင်းကာ ၁၉၉၈ ခုနှစ်ကပင်် လုပ်ကိုင်ခွင့်ရခဲ့ပြီး မြေစာရင်းဌာနသို့ ယခုနှစ်အထိ မြေခွန် ပေးဆောင်ထားကြောင်း ခြံပိုင်ရှင်များဘက်က ဆိုသည်။
ခြံပိုင်ရှင် အများစုမှ ကရင် တိုင်ရင်းသားများ ဖြစ်ကြပြီး၊ ထားဝယ်ဒေသရှိ ရာဘာနှင့် ကွမ်းသီးခြံများမှာ တဧကလျှင် ကျပ် ၃သိန်းခန့် ကာလပေါက်စျေး ရှိကြောင်း သိရသည်။
ကုမ္ပဏီက ရွာသားများ၏ စွပ်စွဲချက် မမှန်ကန်ကြောင်း ငြင်းဆိုပြီး ကုမ္ပဏီ စိုက်ခင်း ဧရိယာအတွင်း ပါရှိသည့် ဥယျာဉ်ခြံများကို တဧက တသိန်းနှုန်းဖြင့် ဝယ်ယူခဲ့သည်ဟု ကောင်းထက် ကုမ္ပဏီပိုင်ရှင် ဦးသန်းစိန်က ပြောသည်။
“တကယ်တမ်းက သူတို့က အတင်းကျူးကျော်နေတာ၊ သူတို့က လုပ်ပိုင်ခွင့်လည်း မလျှောက်ဘူး၊ မြေစာရင်းက ချပေးတာလဲ မဟုတ်ဘူး။ တကယ်ဆို သူတို့ကို အများကြီးလျှော့ပေးနေတာ၊ အတင်း အဓမ္မ လုပ်နေတာ မဟုတ်ဘူး၊ သူတို့နဲ့ ညှိနှိုင်းပြီးလုပ်နေတာ” ဟု ဦးသန်းစိန်က ပြောသည်။
တနင်္သာရီ တိုင်းအတွင်း ရာဘာနှစ်ရှည် စီမံကိန်း စိုက်ရန် မြေလွတ်မြေရိုင်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်းများသို့ လုပ်ကိုင်ခွင့် ချထားပေးရာ ယုဇန၊ ကောင်းထက်၊ ဆန်းသစ် အစရှိသော ကုမ္ပဏီများက ဝင်ရောက်လုပ်ကိုင်
နေကြသည်။