ချင်းမိုင် (မဇ္စျိမ) ။ ။ အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တိုက်ပွဲသံများ ပြန်ကြားလာရချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကလည်း ကချင်ပြည်နယ်တွင်း တပ်ပြန်ဖွဲ့ရန် ကြိုးပမ်းနေသည်။
ကချင်နှင့်အတူတွဲပြီး တိုက်မည့် အစီအစဉ်အရ တပ်ပြန်ဖွဲ့မှုတွင် မြန်မာ-တရုတ် နယ်စပ်တွင် နေထိုင်နေသော ABSDF အဖွဲ့ဝင်ဟောင်းများကို အဓိကထားကာဖွဲ့စည်းမှာ ဖြစ်သည်ဟုကျောင်းသား တပ်သတင်းရပ်ကွက် များအရ သိရသည်။
“တိုက်ပွဲတွေ ပြန်ဝင်နိုင်ဖို့အတွက် ရဲဘော်တွေကို ပြန်စည်းရုံးတယ်။ တရားဝင် သဘောတူညီချက် ရနိုင်တဲ့ အခြေအနေရှိအောင်တော့ ဝိုင်းလုပ်နေကြတယ်” ဟု အဆိုပါသတင်းရပ်ကွက်က မဇ္စျိမကို ပြောသည်။
ယခင်က KIO ထိန်းချုပ်ထားရာ နယ်မြေအတွင်းရှိ ABSDF မြောက်ပိုင်းဒေသ ကော်မတီအောက်တွင် တပ်ရင်း ၄ ရင်း ထားရှိသော်လည်း ယခုတကြိမ်တွင် မည်သည့်ပုံစံဖြင့် ဖွဲ့မည်ကို အတိအကျ မဆုံးဖြတ်ရသေးကြောင်း သိရသည်။
လက်ရှိ အင်အားနှင့် ပတ်သက်၍ မသိရသော်လည်း ဖွဲ့စည်းပုံမှာ တပ်ရင်း ၈ ရင်းဟု ခွဲထားပြီး၊ကရင်အမျိုး သား အစည်းအရုံး KNU ၏ တပ်ဖွဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နယ်မြေထဲတွင် ၆ ရင်း၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နယ်မြေတွင် ၁ ရင်းနှင့် ချင်းအမျိုးသားတပ်ဦး CNF နှင့်တွဲ၍ ရခိုင်ပြည်နယ်ထဲတွင် တပ်ရင်းတရင်းဟူ၍ ရှိသည်။
၁၉၈၈ ခု ဒီမိုကရေစီအုံကြွမှု ဖြိုခွင်းခံရပြီးနောက် KIO နယ်မြေအတွင်း၌ ABSDF (မြောက်ပိုင်း) ဒေသကို ဖွဲ့စည်းခဲ့သည်။ ၁၉၉၄ ခု KIO အပစ်ရပ်ပြီး နောက်တနှစ်ခန့်အကြာတွင် နယ်မြေအတွင်းမှ ထွက်ခွာခဲ့ရသည်။
ABSDF ရဲဘော်ဟောင်းများနှင့် KIO ကချင်အမျိုးသမီးရေးရာအဖွဲ့တို့က KIO ဌာနချုပ် လိုင်ဇာတွင် ပူးတွဲကျင်းပခဲ့သည့် ဇွန် ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့ပွဲကို KIO ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့သည်။
ABSDF ကို ပြန်လည်စုစည်းမှုနှင့် ပတ်သက်၍ KIO ခေါင်းဆောင်များက အတည်ပြုပြောကြားခြင်း မပြုသော်လည်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများတွင် ပါဝင်မည်ဆိုပါက ကန့်ကွက်မည်မဟုတ်ဟု ဆိုသည်။
“ကျနော်တို့ဘက်က သူတို့လုပ်လည်း ကန့်ကွက်ဖို့ဘာမှ မရှိဘူး။ မဟာမိတ်တွေပဲလေ။ အရင်ကလည်း ABSDF မြောက်ပိုင်းက ဒီမှာပဲ စလုပ်ဖြစ်တာကိုး” ဟု KIO တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးလနန်က မဇ္စျိမကို ပြောသည်။
ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အခြားသော လက်နက်ကိုင်အဖွဲ့များလည်း ကချင်နယ်မြေအတွင်း
ပြန်လည်စုစည်းမှုများ ရှိနေသည်ဟု အကဲခတ်များက ပြောသည်။
“ရခိုင်တပ်ဖွဲ့တွေ ရှိနေတာတော့ မှန်တယ်။ ရာဂဏန်းအောက်လောက်ဗျ။ KIA က သူတို့ကို အစုလိုက်ပေါ့၊ ဟိုမှာနည်းနည်း ဒီမှာနည်းနည်း ဖြန့်ထားတဲ့ သဘောရှိတယ်။ သင်တန်းပေးပြီး လက်နက်တပ်ဆင်ပြီး ထားထားတာ။ ရခိုင်တပ်ဖွဲ့ဆိုပြီး သီးသန့်ထားတာ မဟုတ်ဘူး” ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တွဲဘက် အထွေထွေ အတွင်းရေးမှူး ခိုင်သုခက မဇ္စျိမကို ပြောသည်။
“ALP နဲ့ အခုထိတော့ စကားပြောတာဆိုတာလောက်ကလွဲပြီးလို့ရှိရင် တရားဝင် ပူးပေါင်းစစ်ဆင်ဖို့တော့ မရှိသေးဘူး” ဟု သူက ဆိုသည်။
KIO အပစ်မရပ်မီအထိ ALP ၏ ဆက်သွယ်ရေးရုံးကို KIA နယ်မြေတွင် ဖွင့်ခဲ့ဖူးသည်။
အပစ်ခတ်ရပ်စဲမှု ရမလိုလိုနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ တနင်္ဂနွေနေ့နှင့်တနင်္လာမနက်ပိုင်းက လည်း တာပိန်ရေအားလျှပ်စစ်စီမံကိန်း လုံခြံုရေးယူထားသော အစိုးရစစ်တပ်က လက်နက်ကြီးများဖြင့် KIO စခန်းများကို ပစ်ခတ်မှုများ ရှိနေခဲ့ကြောင်းနှင့် KIO မှ ဦးလနန်က ပြောသည်။
KIO ဘက်က အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲကို ဗဟိုအစိုးရနှင့် လုပ်လိုသော်လည်း နေပြည်တော်ကတော့
ပြည်နယ်အစိုးရဖြင့်သာ လက်လွှဲထားလိုသည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း ဖွဲ့စည်းထားသော ကြားအဖွဲ့မှတဆင့်သာ အပစ်ရပ်ဖို့သာ ကမ်းလှမ်းထားသည်။