လစာတိုးသည်ကို ပင်စင်စားများ ကျေနပ်

လစာတိုးသည်ကို ပင်စင်စားများ ကျေနပ်
by -
သဲသဲ

နယူးဒေလီ (မဇ္စျိမ) ။       ။ အစိုးရသစ်တက်လာ ပြီး ရက် ၁ဝဝ အတွင်း ပင်စင်လစာ တိုးမြှင့် ပေးလိုက် ခြင်းသည် လစာငွေ ရာဂဏန်း၊ထောင် ဂဏန်းမျှသာ ခံစားနေရသည့် အငြိမ်းစားဝန်ထမ်း များအတွက် ကျေနပ်ဖွယ်ဖြစ်သည်ဟုပင်စင်စား များက ပြောသည်။

“ကျနော့်အရှေ့က အနားယူသွားတဲ့ ဆရာကြီးတွေရဲ့ ပင်စင်လစာဆိုရင် ဒီကနေ့ခေတ်နဲ့ ဘယ်လိုမှ သုံးလို့ မရဘူးလေ။ သူတို့တွေက ကျနော်တို့ဌာနအတွက် တကယ်လုပ်ပေးသွားတဲ့ သူတွေပါ၊ ဒီလိုတိုးပေးတာ အလွန်ဖြစ်သင့်တဲ့ အလုပ်မို့ ဝမ်းမြောက်ကြိုဆိုပါတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးချုပ ်ဟောင်း ဒေါက်တာထွန်းလွင် (အငြိမ်းစား) က မဇ္စျိမကို ပြောသည်။
pinsin1

ဒေါက်တာထွန်းလွင်သည် ၂ဝဝ၉ ခုနှစ် အသက် ၆၂ နှစ်တွင်  မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ရာထူးမှ အငြိမ်းစား ယူခဲ့သည်။

၁၉၈၈ စက်တင်ဘာက စစ်တပ် အာဏာသိမ်းပြီးနောက် ဝန်ထမ်းများ၏ လစာကို ၁၉၈၉၊ ၁၉၉၃၊ ၂၀၀၀၊ ၂၀၀၆ နှင့် ၂ဝ၁ဝ ခုနှစ်များ၌ ၆ ကြိမ် လစာတိုးပေးခဲ့သည်။ နောက်ဆုံးတိုးပေးခဲ့သည့်မှာ ၂ဝ၁ဝ ဇန်နဝါရီတွင်ဖြစ်ပြီး ဝန်ထမ်းတိုင်း၏ လစာကို ကျပ် ၂ သောင်းစီ ထပ်မံတိုးမြှင့်မှု ဖြစ်သော်လည်း ပင်စင်စားများ လစာကိုမူ မတိုးမြှင့်ဘဲ ထားခဲ့သည်။

“ ကျနော့် လစာ ၃၅ဝ ရတယ်။ တပ်ကြပ်ကြီးရာထူးနဲ့ ၁၉၈၆ ခုနှစ်ကနေ စစ်သက် ၂၃ နှစ်မှာ ပင်စင်ယူတယ်။ ၉၀ ခုနှစ် နောက်ပိုင်းကနေ ပင်စင်နဲ့ စားလို့ မလောက်တော့လို့ ကြံုရာဝင်လုပ်ပြီး ရပ်တည်ခဲ့ရတာ” ဟု ၆၇ နှစ်အရွယ် အငြိမ်းစား တပ်ကြပ်ကြီးတဦးက မဇ္စျိမကို ပြောသည်။

မူလတန်းကျောင်းအုပ် ရာထူးဖြင့် ၂ဝဝ၆ ခုနှစ် မတိုင်မီ ဆေးပင်စင်ယူခဲ့သူ ကျောင်းအုပ်ဆရာမတဦးက “ လစာ ရ၅ဝဝ ကနေ ပင်စင်ယူတာဆိုတော့ ၂ဝဝဝ လောက်ပဲ ရတာ၊ ကိုယ့်ကလေးကိုယ် ကျောင်းထားဖို့တောင် မလောက်ဘူး။ တိုးတယ်ဆိုတော့ ပျော်ပါတယ်” ဟု ဆိုသည်။

အစိုးရသစ်က ဇွန်လ ၃ဝ ရက်နေ့စွဲဖြင့် အငြိမ်းစား အစိုးရဝန်ထမ်း၏ ပင်စင်လစာကို တာဝန်ထမ်းဆောင်ဆဲ အစိုးရ ဝန်ထမ်းများ၏ လစာနှုန်းထားဖြင့် ပြန်လည် တွက်ချက် သတ်မှတ်ကာ ဇူလိုင်လမှစ၍ တိုးမြှင့်ခံစားခွင့် ပေးမည်ဟု ကြေညာခဲ့သည်။

၂ဝ၁ဝ ဇန်နဝါရီမတိုင်မီ အငြိမ်းစားယူခဲ့သည့် ပင်စင်စားအားလုံး အကျုံးဝင်ပြီး၊ ၂ဝဝ၆ ဧပြီမတိုင်မီ ပင်စင် ယူခဲ့သည့် နိုင်ငံရေးပင်စင်စားများလည်း လစာတိုးမြှင့်ပေးမည်ဟု ဆိုထားသည်။

ရန်ကုန်မြို့ ပင်စင်ဦးစီးဌာနက မဇ္စျိမကို တယ်လီဖုန်းဖြင့် ဖြေကြားရာ၌ ပင်စင်စားများအနေဖြင့် မိမိတိုးမြှင့် ခံစားရမည့် လစာနှုန်းထားများ သိရှိရန် သက်ဆိုင်ရာ မိခင်ဌာန၊ အဖွဲ့အစည်းများသို့ ဆက်သွယ်ပြီး လျှောက်လွှာ ပုံစံဖြည့်ပြီးနောက် တိုးမြှင့်လစာ မည်မျှရရှိကြောင်း တွက်ချက်ပေးမည်ဟု ဆိုသည်။

“အရင်ဆုံး မိခင်ဌာနကို ဆက်သွယ်ပြီး အဲဒီမှာ လျှောက်လွှာတွေဖြည့်ပြီး ယူခဲ့ရင် ဒီက ဘယ်လိုတိုးတယ်ဆိုတာ တွက်ပေးမှာပါ” ဟု ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အစိုးရဘဏ် ၂ ရှိ ပင်စင်ဦးစီးဌာနက ဖြေကြား ခဲ့သည်။

လုပ်သက် နှစ် ၃ဝ ရှိ အစိုးရဝန်ထမ်းများသည် လုပ်သက်ပြည့် ပင်စင်၊ အသက် ၆ဝ နှစ်အထိတာဝန်ထမ်း ဆောင်ခဲ့လျှင် သက်ပြည့်ပင်စင်၊ ကျန်းမာရေး ချွတ်ယွင်းမှုကြောင်း ခိုင်လုံလျှင် ဆေးပင်စင်တို့ ခံစားခွင့် ရှိသည်။

၂ဝ၁၁ မတ်လ လွှတ်တော် အစည်းအဝေး၌ ရှမ်းပြည်နယ် နမ့်ခမ်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ စိုင်းကျော်အုန်း၏ နိုင်ငံ့ဝန်ထမ်းများနှင့် ယခင်ပင်စင်စားများ၏ လစာနှုန်းထားများ တိုးပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းမှုကို သင့်တော်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ဟု ဘဏ္ဍရေးနှင့်အခွန် ဝန်ကြီး ဦးလှထွန်းက ဖြေကြားခဲ့သည်။

ယခုလို ပင်စင်လစာငွေ တိုးမြှင့်ပေးခြင်းသည် အငြိမ်းစားဝန်ထမ်းများအတွက် တစုံတရာ အထောက်အကူ ဖြစ်သော်လည်း၊ ပိုလျှံစေနိုင်သည့် ပမာဏမဟုတ်ဟု စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က သုံးသပ်သည်။

Most read this week