ဦးသိန်းညွှန့်အဖွဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ်အမည်ဖြင့် မှတ်ပုံတင်

ဦးသိန်းညွှန့်အဖွဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ်အမည်ဖြင့် မှတ်ပုံတင်
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။    ။အမျိုးသားဒီမိုကရေစီအင် အားစု ပါတီမှ ခွဲထွက်သွားသောပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် ဦးဆောင်သည့် သင်္ကန်းကျွန်း လွှတ်တော် ကိုယ်စားလှယ်များ အုပ်စုသည် အမျိုးသားဒီမိုကရေစီ ပါတီသစ် အမည်ဖြင့် ပါတီမှတ်ပုံတင်ခွင့်ကို နေပြည်တော် ရွေးကောက်ပွဲ ကောက်မရှင်တွင် တနင်္လာနေ့က လျောက်ထားလိုက်ပြီ ဖြစ်သည်။

ပါတီခေါင်းဆောင်များအဖြစ် လောလောဆယ်တွင် ဦးသိန်းညွန့်မှ ဥက္ကဋ္ဌ၊ လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်မှ အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်မှ ပြန်ကြားရေးတာဝန်များ ယူထားကြောင်း ဦးဖုန်းမြင့်အောင်က မဇ္ဈိမကိုပြောသည်။

ပါတီကို လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးသိန်းညွှန့်၊ ဦးကြည်မြင့်၊ ဦးဖုန်းမြင့်အောင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးကျော်၊ ဒေါ်စန်းစန်းမြင့်တို့အပါအဝင် ဟစ်ဟော့ အဆိုတော် ရသ တို့အပြင် ပါတီဝင် ၂ဝ ဦးတို့ဖြင့် အမာခံ ဖွဲ့စည်းထားသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ခွဲထွက်ကြသည့် အထက်ပါ လွှတ်တော် ကိုယ်စားလှယ်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်များအဖြစ် သတ်မှတ်ပေးထားပြီး ဖြစ်ကြောင်းလည်း ဦးဖုန်းမြင်အောင်က မဇ္ဈိမကို ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်ကာ ဦးသိန်းညွှန့်၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်းတို့မှ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီကို ထူထောင်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီကို ထူထောင်သူများတွင် တဦး အပါအဝင်ဖြစ်သည့် ဦးသိန်းညွှန့်ကို ပါတီတွင်း ဘဏ္ဍာရေး ကိစ္စများကို မီဒီယာများသို့ တာဝန်မဲ့ ပြောဆိုသည့် စွပ်စွဲချက်ဖြင့် ပါတီမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

ယခုတဖန် ဦးသိန်းညွှန့်ဦးဆောင်ကာ အမျိုးသား ဒီမိုကရေစီ ပါတီသစ် အမည်ဖြင့် ပါတီတခု ထပ်မံဖွဲ့စည်းရန် ကျိုးပမ်းခြင်းဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ ပါတီသစ်တွင် ပါတီဝင်အင်အားအနေဖြင့် သင်္ကန်းကျွန်း မြို့နယ်အတွင်းမှ ပါတီဝင် ၁,ဝဝဝ ကျော် ရရှိထားပြီဟုလည်း ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။