အမေရိကန် ရေနံကုမ္ပဏီ ကိုနိုကို ဖိလစ်(Konoko Philliphs) သည် မြန်မာနယ်စပ် အငြင်းပွားရေပြင် ပိုင်နက် အနီးတွင် ဂတ်စ်ရှာဖွေရေးလုပ်ငန်း ကို များမကြာမှီ စတင်တော့မည်ဖြစ်သည်။
ကိုနိုကို ဖိလစ် ဒုတိယ ဥက္ကဌ William Lafferrandre က အမြန်ဆုံး ဂတ်စ် ရှာဖွေ တူးဖေါ်မူကို စတင်တော့မည် ဖြစ်ကြောင်းကို မနေ့က ဘင်္ဂလာဒေချ့် နိုင်ငံ ပက်ထရို ဘင်္ဂလာနှင့် အဆိုပါ ရေပြင်ပိုင်နက် အတွင်း ဂတ်စ်တူးဖေါ်ရေး သဘောတူညီချက် တစ်ခုကို လက်မှတ်ရေးထိုး အပြီးတွင် ထုတ်ဖေါ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကိုနိုကို ဖိလစ် ဂတ်စ် တူးဖေါ်ခွင့် ရရှိနေရာမှာ ဘင်္ဂလာဒေချ့် - မြန်မာနှင့် အိန္ဒိယတို့ အကြား အငြင်းပွား နေသော ဂတ်စ် လုပ်ကွက် အမှတ် (၁၀) နှင့် (၁၁) တို့တွင် ဖြစ်သည်။
ဘင်္ဂလာဒေချ့် နိုင်ငံပိုင် ပက်ထရို ဘင်္ဂလာ တာဝန်ရှိသူ တစ်ဦးမှ ကိုနိုကို ဖိလစ်အား လုပ်ကွက် အမှတ် (၁၀) နှင့် (၁၁) တို့တွင် တူးဖေါ် ရှာဖွေခွင့် ပြုမည် ဖြစ်သော်လည်း လုပ်ကွပ် အမှတ် (၁၀)မှ ၃၀ ရာခိုင်နုန်း ဧရိယာနှင့် လုပ်ကွက် (၁၁) မှ ၁၅ ရာခိုင်နုန်း ဧရိယာများ အတွင်း ရှာဖွေခွင့် ပြုမည် မဟုတ်ကြောင်း ပြောဆိုသည်။
အဆိုပါ ဧရိယာများမှာ မြန်မာနှင့်ရော အိန္ဒိယနှင့်ပါ အငြင်းပွားနေသော ရေပြင်များ ဖြစ်နေသောကြောင့် ဖြစ်သည်ဟု ပြောဆိုသည်။
သို့သော်လည်း အဆိုပါ ရေပြင်ပိုင်နက် အငြင်းပွားမူကို ကုလသမဂ္ဂမှ ယခုနှစ်ကုန်ပိုင်းတွင် ဖြေရှင်းပေးတော့ မည် ဖြစ်သဖြင့် ဘင်္ဂလာဒေချ့် အနိုင်ရရှိပါက အဆိုပါ ရေပြင် နယ်နမိတ် အတွင်းလည်း ကိုနိုကို ဖိလစ်ကို ရေနံနှင့် ဂတ်စ်ရှာဖွေခွင့်ကို ပြုပေးသွားမည် ဖြစ်ကြောင်း ပက်ထရိုဘင်္ဂလာ ဥက္ကဌ ဟူးစိန် မန်ချုက ပြောသည်။
ကိုနိုကို ဖိလစ် ဒုတိယ ဥက္ကဌသည် ဂတ်စ်ရှာဖွေရေး သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးရန် ဘင်္ဂလာဒေချ့်သို့ ရောက်ရှိနေပြီး မနေ့က ပက်ထရိုဘင်္ဂလာနှင့် Production Sharing Contract (PSP) သဘောတူညီချက် တစ်ချို့ကို လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ ဘင်္ဂလာ ဘဏ္ဍာရေးဝန်ကြီး အေအမ်းအေ မူဟစ် ( AMS Muith)၊ လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီး Enamul Haque၊ အမေရိကန် သံအမတ် James F Moriarty တို့အပြင် တခြားအရာရှိကြီးများ လည်း တက်ရောက်ခဲ့သည်။
ကိုနိုကို ဖိလစ်သည် သဘောတူညီချက်အရ အဆိုပါ လုပ်ကွက် နှစ်ခုတွင် (၉) နှစ်ကြာ ရှာဖွေ တူးဖေါ်ခွင့် ရရှိမည် ဖြစ်သည်။