့ရန်ကုန် (မဇ္စျိမ) ။ ။ အရှုံးပေါ်နေသော နိုင်ငံပိုင် ရေကြောင်း ပို့ဆောင်ရေး လက်အောက်ရှိ ရေကြောင်း ခရီးစဉ်များတွင် ခေါက်ရေလျော့ချ ခြင်းနှင့် သင်္ဘောငယ်များ အစားထိုး ပြေးဆွဲမှု ဇွန်လ ၁ ရက် မှ စတင် လျော့ချလိုက်သည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာနမှ အငယ်တန်းအရာရှိ တဦးက ပြောသည်။
“ရန်ကုန်-ပုသိမ် နေ့စဉ်ဆိုရင် အခု တပတ် ၃ ရက်၊ ကျံုမငေးဆိုရင် အရင်က အကြီးနဲ့ တပတ် ၃ ရက် ထွက်တယ် အခု သင်္ဘောအသေးနဲ့ တပတ် ၃ ရက် အဲ့လိုတွေ လျှော့လိုက်ရတယ်”ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။
စက်သုံးဆီပမာဏ ထိန်းချုပ်မှုကြောင့် လူစီးနှင့် ကုန်တင်သင်္ဘော ခရီးစဉ်များ သုံးပုံတပုံကျော်လျှော့ချ လိုက်ရသည်ဟု သူက ပြောသည်။
ဧရာဝတီတိုင်း ဒေသအသီးသီးသို့ ရေလမ်းခရီးဖြင့် သွားလာသည့် စရိတ်စကသည် ကုန်းလမ်းခရီးဖြင့် သွားလာခြင်းထက် အနည်းဆုံး ငါးဆမှ ဆယ်ဆနီးပါးအထိ ကွာခြားမှု ရှိသည်။
“ပုသိမ်ကို ရိုးရိုးကားတောင် ကားခ ၄,ဝဝဝ၊ ၄,၅ဝဝ၊ အိတ်စပရက်စ် ဆို ရ,ဝဝဝ ကျော်တယ်။ သင်္ဘောက ၉ဝဝ မပြည့်ဘူးလေ။ အဲ့တာ ခရီးသည် နားနေဆောင်မှာပဲ တရက်အိပ်ပြီး စောင့်နေလိုက်တာ” ဟု ရန်ကုန်-ပုသိမ် သင်္ဘောခရီးစဉ်ဖြင့် လိုက်ပါမည့် သူတဦးက ပြောသည်။
လျော့စျေးဖြင့် တမင် ပြေးဆွဲပေးနေသော ပို့ဆောင်ရေး ဝန်ကြီးဌာနအောက်ရှိ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်း၏ အသုံးစရိတ် လျှော့ချမှု အစီအစဉ် ဖြစ်ကြောင်း အခြားဝန်ထမ်းတဦးကမဇ္စျိမ ကိုပြောသည်။
“ပြီးခဲ့တဲ့ လဆန်းလောက်ကတည်းက ဝန်ကြီးအစည်းအဝေးမှာ ဌာနအသုံးစရိတ်လျှော့ဖို့ သတ်မှတ်တယ်၊ တန်ဆာခ၊ လူစီးခတွေ မြှင့်မလား ညှိနှိုင်းအစည်းအဝေး လုပ်သေးတယ်၊ နောက်မှ အခုလို ဆီကိုတာဖြတ်ဖို့ သတ်မှတ်လိုက်တာ” ဟု အဆိုပါဝန်ထမ်းက ပြောသည်။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ မူလအစမှာ ၁၈၆၅ ခုနှစ်တွင် တည်ထောင်ခဲ့သည့် IRRAWADDY FLOTILLA Co., Ltd ဖြစ်ပြီး လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် ဇွန်လ ၁ ရက် တွင် “ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့” ၁၉၇၂ ခုနှစ် မတ်လ၁ ရက်တွင် “ ရေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်း” ၁၉၈၉ ခုနှစ် ဧပြီလ ၁ရက်တွင် “ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး” စသဖြင့် အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။