သံသာမြည်ဟိန်း ခေါင်းလောင်း ပြီးတော့မည်

သံသာမြည်ဟိန်း ခေါင်းလောင်း ပြီးတော့မည်
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။      ။ ကြေးပိဿာချိန် ၁၅၀၀၀ ဖြင့် သွန်းလုပ်ကာ မြန်မာပြည်တွင် စတုတ္ထမြောက် အကြီးဆုံး ဖြစ်လာမည့် “သံသာမြည်ဟိန်း ခေါင်း လောင်းကြီး” ဇွန်လကုန်တွင်ပြီးဆုံးမည်ဟုခေါင်း လောင်း ကြီးအား ဦးဆောင်သွန်းလုပ်သည့် ကြေး သွန်းပညာရှင် ဦးနေဒွန်း အဆိုအရ သိရသည်။

အမြင့် ၁၃ ပေ၊ နှုတ်ခမ်းဝ အကျယ် ၉ ပေ ရ လက္မ၊ နှုတ်ခမ်းထု ၁၁ လက္မရှိ ခေါင်းလောင်းအား ၂ဝ၁၁ ဇန်နဝါရီ လမှစ၍ မန္တလေးမြို့ပေါ်ရှိ ဗန္ဓုလ ကြေးသွန်းလုပ်ငန်းတွင် ပြုလုပ်လာခဲ့ရာ ပြီးဆုံးရန် ၂၀ ရာနှုန်းသာ လိုတော့ကြောင်း သိရခြင်း ဖြစ်သည်။

fouth_bell“ခေါင်းလောင်းကလည်း ကြီးတော့ မကွဲမပြုနိုင်အောင် စနစ်တကျ သေချာ လူအင်အားနဲ့ လုပ်ထားတာပါ။ ပြီးလုပြီးခင် အနေအထားထိ ရောက်နေပြီ။ ဒီလ မကုန်ခင်လောက် ပြီးမယ်လို့ တွက်ထားတယ်” ဟု ကြေးသွန်းပညာရှင် ဦးနေဒွန်းက မဇ္စျိမကို ပြောသည်။

ပြီးစီးလျှင် မန္တလေးမှ စက်ကရိန်းများဖြင့် သယ်ဆောင်ကာ ပဲခူးမြို့ ဒီဂရီကောလိပ်ရှေ့ရှိ ကြေးသွန်းဘုရားကြီး အနီး ထားရှိရန် စီစဉ်ထားသည်။

ပဲခူးတိုင်း ပဲခူးမြို့ပေါ်ရှိ ကြေးသွန်းဘုရားကြီး၌ အတူတကွ တည်ထားရန် ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ရှိ ဓမ္မလင်္ကာရ ကျောင်းတိုက်မှ သက်တော် ၉၃၊ ဝါတော် ၆၃ နှစ်ရှိ ဆရာတော်ကြီး အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိသုဒ္ဓ၏ သြဝါဒပေးမှုကြောင့် သွန်းလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

ကြေးပိဿာချိန် ၆၆၅၆၆ ပိဿာဖြင့် မြန်မာနိုင်ငံတွင် အကြီးဆုံးအဖြစ် သွန်းလုပ်ရန် ရည်ရွယ်ခဲ့သော်လည်း ၂ဝဝ၉ ခုနှစ်မှစ၍ ကြေးလင်ဗန်း၊ ကြေးခွက်များ ဝယ်ယူစုဆောင်းခဲ့ရာ ငွေကြေး မတတ်နိုင်တော့သဖြင့် ပိဿာချိန် ၁၅ဝဝဝ အထိ  လျှော့ချပစ်ခဲ့သည်။

ခေါင်းလောင်းအတွက် ကုန်ကျငွေမှာ ကျပ်သိန်းပေါင်း ၅ဝဝဝ ကျော် ဖြစ်လိမ့်မည်ဟု တွက်ဆထားပြီး  ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓကို ကြည်ညိုသူ အလှူရှင်များက ထည့်ဝင် လှူဒါန်းခဲ့ကြသည်။

fouth_bell1သွန်းလုပ်ရာတွင် ရှေးမူအတိုင်း  မြေပုံ၊ ဖယောင်းချ၊  ပုံဖမ်းမြေပုံများ ပြုလုပ်၍ သွန်းလောင်းကာ လူအင်အား ၁၀၀ ကျော် အသုံးပြုပြီး၊ ပိဿာချိန် ၃၅၀ ဆံ့ ကြေးစပ်ဖို ၁၇ လုံးဖြင့် ကျိုခဲ့သည်။

“ခေါင်းလောင်း သွန်းတာကတော့ အင်မတန်ခက်ခဲတဲ့ အလုပ်ပါ။ သူက အကွဲနိုင်ဆုံး၊ သွန်းလောင်းတဲ့ ပညာမှာ အခက်ဆုံး ပညာပဲ။ ရုပ်ပွားတော်တို့၊ ကြေးစည်တို့ကျတော့ တို့အတွက် ထမင်းစားရေသောက် သလိုပဲကွ။ ဒီခေါင်းလောင်းကျတော့ အင်မတန် ဂရုစိုက် လုပ်ရတယ်” ဟု ဦးနေဒွန်းက ပြောပြသည်။

ခေါင်းလောင်းသွန်းခအတွက် ကြေးတပိဿာလျှင် လက်ခ ကျပ် ၁၂၀၀၀ နှုန်းဖြင့် ပြုလုပ်ပေးသည်ဟု ဆိုသည်။

Myanmar Ivanhoe Copper က တူးဖော်နေသော မုံရွာကြေးစင်တောင်မှ ထွက်ရှိသည့် ကြေးနီများကို ဝယ်ယူရန် ကြိုးစားခဲ့ရာ  ကြေးနီ ၁၀ တန် ဝယ်ယူခွင့် ရရှိခဲ့သော်လည်း စစ်တပ်ပိုင် ဦးပိုင်လီမိတက်၏ ဖြတ်စျေးမှာ စျေးမြင့်နေသဖြင့် မဝယ်ယူနိုင်ခဲ့ပေ။

“ ယူရမယ့် အတိုင်းအတာက ၁ဝ တန်ကို သိန်း ၈၀၀ ကျော် ကျနေတော့ ဦးဇင်းတို့ မဝယ်နိုင်ဘူး။ အဲဒါကြောင့် အများပြည်သူတွေက ဟိုက တတန်စာလှူ၊ ဒီက တတန်စာလှူနဲ့ လိုအပ်တာလေးတွေ ထပ်ဝယ်ပြီး အခုလို လုပ်ရတာပေါ့” ဟု ဆရာတော် ဘဒ္ဒန္တ ဇေယျသေနကလည်း မဇ္စျိမကို မိန့်သည်။

သံသာမြည်ဟိန်း ခေါင်းလောင်းကြီးမှာ မြန်မာနိုင်ငံတွင် စတုတ္ထအကြီးဆုံး ဖြစ်လာကာ၊ ၁၉၇၀ ခုနှစ်တွင် ကြေးပိဿာချိန် ၅၅၅၅၅ ဖြင့် သွန်းလောင်းခဲ့သည့် မင်းကွန်းခေါင်းလောင်းကြီးနှင့် ၁၈၄၃ ခုနှစ် ကြေး ပိဿာချိန် ၂၅၉၄၁ ဖြင့် သွန်းခဲ့သော သာယာဝတီမင်း ခေါင်းလောင်းကြီး အပါအဝင် ၁၇၇၈ ခုနှစ်တွင် ကြေးပိဿာချိန် ၁၅၅၅၅ ဖြင့် စဉ့်ကူမင်း ခေါင်းလောင်းကြီးတို့လည်း ရှိခဲ့ကြသည်။

Most read this week