ဂျွန်မက်ကိန်း HIV ဂေဟာ လေ့လာ

ဂျွန်မက်ကိန်း HIV ဂေဟာ လေ့လာ
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္စျိမ) ။        ။ အမေရိကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် John McCain သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ဖွင့်လှစ်ထားသော ရန်ကုန်တိုင်းတောင်ဒဂုံမြို့ နယ်ရှိ HIV/AIDS ဝေဒနာသည်များကူညီစောင့် ရှောက်ရေး ဂေဟာသို့ ကြာသပတေးနေ့တွင်သွား ရောက် လေ့လာခဲ့သည်။

၃ ရက်ကြာ မြန်မာပြည် ခရီးစဉ်အဖြစ် ဇွန် ၁ ရက်နေ့တွင် စတင်ရောက်ရှိသော ရီပတ်ဘလီကင်အမတ် မစ္စတာ မက်ကိန်းသည် ရန်ကုန်ရှိ အမေရိကန် သံရုံး ယာယီတာဝန်ခံ လယ်ရီဒင်းဂါးနှင့်အတူ ဂေဟာသို့ တနာရီခန့်အကြာ သွားရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။

NLD ဖွင့်လှစ်ထားသော တောင်ဒဂုံနှင့် မြောက်ဒဂုံမြို့နယ်များရှိ ဂေဟာ ၃ ခုတွင် ဝေဒနာသည် ၁၆ဝ ခန့်အတွက် ARV ဆေးဝါး မလုံလောက်မှုက အဓိက တင်ပြသော အကြောင်းအရာ ဖြစ်ခဲ့သည်။

jmck3ss“လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တယ်၊ လုပ်ပိုင်ခွင့်လည်း အများကြီး ရှိတယ်။ ဒီမှာလည်းသေချာ တွေ့သွားတယ်။ သူကိုယ်တိုင်လည်း ပြောတယ်၊ ဟိုရောက်ရင် ကြိုးစားမယ်ပေါ့ ဆိုတော့ အများကြီး ထူးခြားမယ်လို့ မျှော်လင့်တယ်” ဟု တောင်ဒဂုံ ဂေဟာ တာဝန်ခံ မဖြူဖြူသင်းက မဇ္စျိမကို ပြောသည်။

HIV/AIDS ဝေဒနာသည်များအတွက် ARV ဆေးမှာ တသက်တာအတွက် လိုအပ်သည့် ဆေးဝါးများကို AZG ၊ Total ရေနံကုမ္ပဏီတို့မှ ရရှိနေသော်လည်း ရေရှည် မရေရာမှုကို သူက ထောက်ပြခဲ့သည်။

တနိုင်ငံလုံးတွင် HIV/AIDS ဝေဒနာသည် ၃ သိန်းခွဲခန့် ရှိသည်ဟု မြန်မာအစိုးရက သတ်မှတ်ထားသော်လည်း မဖြူဖြူသင်းကမူ သိန်းပေါင်းများစွာ ရှိနိုင်သည်ဟု ခန့်မှန်းသည်။

လက်ရှိ အမေရိကန် သမ္မတ အိုဘားမားနှင့်အပြိုင် ၂ဝဝ၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သူ မစ္စတာ မက်ကိန်းသည် မကြာခင်က ထောင်ဒဏ်တနှစ်လျှော့ဖြင့် ပြန်လွတ်လောသူ နိုင်ငံရေး အကျဉ်းသား အချို့နှင့်ပါ တွေ့ဆုံဖို့ ရှိသလို NLD အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှာ ဖြစ်သည်။

ဂျွန်မက်ကိန်းသည် ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်၌ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် တွေ့ဆုံခဲ့သလို တိုင်းရင်းသားပေါင်းစုံ လွှတ်တော် အမတ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

“နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး” ကိစ္စများ ဆွေးနွေးသည်ဟု ကြာသပတေးနေ့ထုတ် နိုင်ငံပိုင် သတင်းစာများက အသားပေးဖော်ပြချိန်တွင် အမတ်အချို့ကမူ တွေ့ဆုံမှု အပေါ် အားရကျေနပ်ဟန် မရှိပေ။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အမျိုးသားလွှတ်တော်အမတ်နှင့် ပါတီဥက္ကဋ္ဌဖြစ်သူ
 ဒေါက်တာအေးမောင်ကမူ တွေ့ဆုံရချိန် ၂၅ မိနစ်သာ ရသည်ဟု ပြောဆိုကာ၊ “သူတွေ့ချင်တာ၊ ပြောချင်တာက နိုင်ငံတော် ဒုသမ္မတနဲ့ ပြောမှာပါ။ ကျနော်တို့တွေ့တာ တိုင်းရင်းသားပေါင်းစုံတယ်။ ဒါလည်းပဲ ပြကွက်တခု ဖြစ်ချင်ဖြစ်မှာပေါ့နော်” ဟု သူက မဇ္စျိမကို ပြောသည်။

အမေရိကန်ဆီးနိတ်အမတ်က အစိုးရအဖွဲ့နှင့် တွေ့ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားနှင့် လူ့အခွင့်အရေး ကိစ္စရပ်များ ထည့်သွင်းပြောကြားသည်ဟု နေပြည်တော် သတင်းရပ်ကွက်များက ဆိုသည်။ သို့သော် အသေးစိတ်ကို မသိရသေးပေ။ မြန်မာဘက်က အမေရိကန် ပြဋ္ဌာန်းထားသော ပိတ်ဆို့အရေးယူမှုအပေါ် ကန့်ကွက်ဆွေးနွေးခဲ့သည်ဟု ဆိုသည်။