အထက်ပေါင်းလောင်းကြောင့် လူ ၈ ထောင် ရွှေ့ပြောင်းရမည်

အထက်ပေါင်းလောင်းကြောင့် လူ ၈ ထောင် ရွှေ့ပြောင်းရမည်
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။       ။ ဆွစ်ဇာလန်နှင့် ဗြိတိသျှ ဆောက်လုပ်ရေး ကုမ္ပဏီများပါဝင်ဆောက်လုပ် ပေးနေ သော ရှမ်းပြည်နယ်ရှိ ရေအားလျှပ်စစ်စီမံ ကိန်းအတွက် ရေကာတာ ဆောက်လုပ်သည့် လုပ်ငန်း ကြောင့် လူ ၈ ထောင်ခန့်ကို အဓမ္မရွှေ့ ပြောင်း ခံရမည်ဟု ကယန်းအမျိုးသား လူ့အခွင့် အရေးအဖွဲ့က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရှိ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်နေသော အထက်ပေါင်းလောင်း ဆည်စီမံကိန်းအတွင်း ကျရောက်သော ကျေးရွာပေါင်း ၂၃ ရွာမှ လူဦးရေ ရ၉၉၈ ဦးမှာ နေရာသစ်များ ရှာဖွေနေကြရသည်ဟု ထိုင်းနိုင်ငံတွင် ပြုလုပ်သော Kayan New Generation Youth အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

Paunglaung6အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရာပြည့်က ကျေးရွာလူကြီးများကို အောက်တိုဘာလ နောက်ဆုံးထား ပြောင်းရွှေ့ရန် ပြောကြားထားသည်ဟု KNGY က ဆိုသည်။

“ပြောင်းရမယ့် နေရာတွေကိုလည်း ကိုယ်တိုင်ရှာပြီး ပြောင်းခိုင်းတယ်” ဟု အဖွဲ့မှ မူမိုးလေးက မဇ္စျိမကို ပြောသည်။

“နောက်ထပ် ပြောင်းရွှေ့ရမယ့် နေရာကလည်း တောင်ကြောတွေပဲ ရှိတယ်။ မြေပြန့်ကိုပြောင်းမယ်ဆိုရင် လည်း ရေအောက်မှာ ရှိနေတယ်ဆိုတော့ ဒေသခံတွေအနေနဲ့က ဘယ်လိုလုပ်ကြရမှန်း မသိဘူး ဖြစ်နေ ကြတယ်” ဟု သူက ဆက်ပြောသည်။

ရေအားလျှပ်စစ် ၁၄ဝ မဂ္ဂါဝပ် ထုတ်လုပ်မည့် ရေကာတာ တည်ဆောက်မှုကို Af Colenco ကုမ္ပဏီက တည်ဆောက်ရေး အင်ဂျင်နီယာ ဒီဇိုင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ကြီးကြပ်လျက်ရှိသည်။ ထို့အပြင် အင်္ဂလန်မှ မိသားစုပိုင် မလ်ကွန် ဒွန်စတန်ကုမ္ပဏီ Malcom Dunstan Associates နှင့် တရုတ် နိုင်ငံမှ ယူနန်အကြီးစား စက်ပစ္စည်းများ ပြည်ပတင်ပို့ရေး ကုမ္ပဏီ Yunan Machinery and Export Company တို့ ပါဝင် ခလုပ်ကိုင်နေကြသည်။

မလ်ကွန် ဒွန်စတန်ကို အင်္ဂလန်ရှိ ဘားမားကင်မ်ပိန်း (ယူကေ) အဖွဲ့က လူ့အခွင့်အရေး ချိုးဖောက်နေသော မြန်မာအစိုးရ ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထောက်ပံ့ကူညီနေသော အဖွဲ့အဖြစ် ၂ဝဝ၈ ခုနှစ်တွင် နာမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့သည်။

Paunglaung2”ဥရောပက လာသည်ဖြစ်စေ၊ အာရှက လာသည်ဖြစ်စေ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့အခါ သင့်လျော်တဲ့ စံသတ်မှတ်နှုန်းများကို ပစ်ပယ်လုပ်ဆောင် နေကြတာကို ပြသနေပါတယ်” ဟုမမူမိုးလေးက ပြောသည်။

မလ်ကွန်ဒွန်စတန်သည် ရဲရွာဆည်တည်ဆောက်ခဲ့သူပြီး၊ လက်ရှိတွင် အထက်ပေါင်းလောင်းနှင့် တာဆန်း ရေကာတာ တည်ဆောက်ရေးတို့ လုပ်ကိုင်လျက်ရှိသည်။

ဒေသခံများမှာ မိမိအစီအစဉ်ဖြင့် ရွှေ့ပြောင်းရမှာဖြစ်ပြီး တအိမ်ထောင်လျှင် ကျပ် ၅ သောင်းသာပေးမည်ဟု အာဏာပိုင်များက ပြောသည်။

သူတို့သည် နနွင်းကို အဓိကစိုက်ပျိုးကြပြီး ငရုပ်သီး၊ နွေစပါး၊ မိုးစပါး၊ မြေပဲ၊ လိမ္မော်၊ ငှက်ပျောနှင့် လက်ဖက် စသည်များလည်း စိုက်ပျိုးကြသည်။

၂ဝဝ၄ ခုနှစ်မှစ၍ တည်ဆောက်နေသော အမြင့် ၁ဝ၃ မီတာရှိ ရေကာတာစီမံကိန်းသည် ၂ဝ၁၂ ခုနှစ်တွင် ပြီးဆုံးရန် လျာထားထားသည်။ ဆည်တည်ဆောက်ပြီးလျှင် အကြမ်းမျဉ်း ဘောလုံးကွင်းပေါင်း ၁၁၄ဝဝ နီးပါး အကျယ်ရှိ စိုက်ပျိုးမြေ ၆၁ စတုရန်း ကီလိုမီတာမှာ ရေမြုပ်ကုန်မည်ဟု ကယန်းလူငယ်အဖွဲ့က ပြောသည်။

ထွက်ရှိသော လျှပ်စစ်ကိုမူ စီမံကိန်း၏ အနောက်မြောက်ဘက် ၅ဝ ကီလိုမီတာအကွာရှိ အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ပေးပို့မှာဖြစ်သည်။

Paunglaung11ယခုအဖြစ်အပျက်များနှင့် ပတ်သက်၍ ရွေးကောက်ပွဲကာလတွင် အဆိုပါကျေးရွာများက မဲပေးခဲ့ကြသော ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီနှင့် ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်ပါတီထံ ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

စီမံကိန်းက အဓမ္မ ရွှေ့ပြောင်းခိုင်းသလို ၆ဝ၆ ခြေမြန်တပ်ရင်းအတွက် နေရာထိုင်ခင်းများ ဆောက်လုပ်ခြင်း၊လမ်းဖောက်ခြင်းတို့တွင် ဒေသခံများကို ပေါ်တာဆွဲ အသုံးပြုကြသေးသလို တအိမ်ထောင်လျှင် လစဉ်ကြေးကျပ် ၁ဝဝဝ ကောက်ခံသေးသည်ဟု KNGY ၏ အစီရင်ခံစာတွင် ပါရှိသည်။

မြန်မာနိုင်ငံ မြစ်ကြောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့ Burma Rivers Network ခေါင်းဆောင်တဦးဖြစ်သူ စိုင်းစိုင်းက “နိုင်ငံမှာ ထုတ်တဲ့ ရေအားလျှပ်စစ် အများစုပေါ့နော်။ စစ်တပ်နေရာရယ်၊ စစ်တပ်နဲ့ ပတ်သက်တဲ့ စက်မှုလုပ်ငန်းတွေ နေရာရယ်ပဲ အများစု အသုံးပြုတယ်။ ရေကာတာ စီမံကိန်း အနီးမှာရှိတဲ့ မြို့ပဲဖြစ်ဖြစ်၊ ရွာပဲဖြစ်ဖြစ် အများစုက လျှပ်စစ်ဓာတ်အား မရဘူး။ လျှပ်စစ်ရပေမယ့်လည်း မီးရဖို့က တနေ့လာရင်
၃ ရက်ပျက်တယ်ဆိုတဲ့ အခြေအနေ အမြဲတမ်း ရှိနေတယ်” ဟု ပြောသည်။

သမ္မတသစ်၏ ပထမဆုံး မိန့်ခွန်းတွင်လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍အကျယ် တဝင့် ပြောကြားသွားပြီး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များကို ဟန်ချက်ညီညီ ထိန်းညှိဆောင်ရွက်မည်ဟု ပါရှိသည်။