NLD ၉ဝ ပြည့် အခမ်းအနား ဦးဝင်းတင် မတက်ရောက်နိုင်

NLD ၉ဝ ပြည့် အခမ်းအနား ဦးဝင်းတင် မတက်ရောက်နိုင်
by -
မဇ္စျိမသတင်းဌာန

ချင်းမိုင် (မဇ္ဈိမ) ။     ။ ၉ဝ ပြည့်နှစ်ရွေးကောက်ပွဲ အခမ်းအနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရန်ကုန်ရုံးချုပ်၌ သောကြာနေ့တွင်  ကျင်းပနေ သော်လည်း ဆေးကုသမှုခံနေရသောပါတီခေါင်း ဆောင်တဦး ဖြစ်သူ ဦးဝင်းတင်မတက် ရောက်နိုင် ဘဲ အသံသွင်းထားသောဟောပြော ချက်ကိုသာ ပေးပို့နိုင်ခဲ့သည်။

အာရှတော်ဝင်ဆေးရုံတွင် ကြာသပတေး ညနေကတည်းက တက်ရောက်ကုသနေရသော အသက် ၈၁ နှစ်အရွယ် ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်ကို ဆေးရုံတွင် သွားရောက်ကြည့်ရှု့ခဲ့သူ မိတ်ဆွေများကမူ ဦးဝင်းတင်ကို ရွှင်ရွင်လန်းလန်း တွေ့ခဲ့ရသည်ဟု ဆိုသည်။

သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်ထားပြီး မကြာမီတွင် ရောဂါဝေဒနာနှင့် ပတ်သက်၍ အဖြေသိရမှာ ဖြစ်သည်။

nld90yearelection1sဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ပါတီရုံးချုပ်တွင် ပြုလုပ်သော NLD အနိုင်ရခဲ့သောရွေးကောက် ပွဲနေ့ အခမ်းအနားကိုပါတီအထွေထွေအတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ သည်။

နှစ်လျှော့ထောင်ဒဏ်ဖြင့် လွတ်လာခဲ့သော နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကို ကြိုဆို နှုတ်ဆက်ပွဲနှင့်နိုင်ငံရေးစာတမ်းဖတ် ပွဲများကို ထည့်သွင်းပြုလုပ်ကြသည်။

ကျန်းမာရေးအခြေအနေအရ အခမ်းအနား မတက်နိုင်သည့် ဦးဝင်းတင်သည် ကြာသပတေး နေ့လည်တွင် ရေချိုးရင်း ချော်လဲသွားခဲ့ရာ ပင်တိုင် ဆရာဝန်က စမ်းသပ်မှုပြုပြီးနောက် ဆေးရုံတင်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

“ဒီက ကလေးတွေက သူ့ကို ရေးချိုးပေးမယ်ဆိုတာကို ရေချိုးမခံဘူး။ ရေချိုးတာ ပလတ်စတစ် ကုလား ထိုင် ကြီးနဲ့ ချိုးရတာ။ မတ်တပ်ရပ်ပြီး ချိုးရင်တောင် မလွယ်ဘူး။ သူ့ကို အပြင်ကစောင့်နေတဲ့ ကလေးတွေက အထဲက ဒုံးကနဲ ကြားလိုက်တာ။ ဒါတောင် ရေချိုးခန်းအထဲက သော့ခတ်ထားလို့ အပြင်မှာ သော့ရှိနေလို့ တော်သေးတော့တာ။ ဒါတောင် မဝင်နဲ့ မဝင်နဲ့ အတင်းလုပ်နေလို့” ဟု မိတ်ဆွေဖြစ်သူ ဦးမောင်မောင်ခင်က ဦးဝင်းတင် အရှက်အကြောက်ကြီးပုံကို ညွှန်းဆိုသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ပြုလုပ်သော စာရေးဆရာ ဒဂုန်တာရာ၏ မွေးနေ့ပွဲအတွက် ဘတ်စ်ကားဖြင့် သွားရောက်ခဲ့ပြီး အပြန်တွင် ကျန်းမာရေးချို့ယွင်းမှု သိသာစွာ ဖြစ်လာခဲ့သည်ဟု ရင်းနှီးသော မိတ်ဆွေများက ပြောသည်။

ထို့အပြင် ထောင်တွင်းရှိစဉ်က ခွဲစိတ်ကုသခဲ့သော အူကျဝေဒနာမှာလည်း အေးသောရာသီဥတုကြောင့် အကိုက်အခဲဒဏ် ခံရသည်ဟု ဆိုသည်။

“ အရမ်းကိုက်တယ်၊ မနေနိုင်ဘူးတဲ့။ ဘတ်စ်ကားပေါ်မှာ ပရုတ်ဆီ ပူပူတွေပေါ့ကွာ လိမ်းတာပေါ့ကွာ။ အေးလို့များ ဖြစ်တာလားဆိုပြီး အသားကပ် ဘောင်းဘီတွေကို တွဲဝတ်တာ။ နေလိုက်တော့ အပူတွေက အထဲမှာပိတ်ပြီး အိမ်ရောက်တော့ မီးလောင်ဖုကြီးတွေလိုဖြစ်ပြီး အဲဒီအနာတွေကလည်း ခံနေရတယ်။ အဲဒီ အနာတွေက မကျက်တော့ အမျိုးမျိုး ဗမာဆေးထည့်လိုက်၊ အင်္ဂလိပ်ဆေးထည့်နေတာကနေ မခံနိုင်တော့ ဆေးရုံကို တက်ရတာပဲ” ဟု ဦးမောင်မောင်ခင်က ပြောသည်။

ဦးဝင်းတင် ပင်တိုင်ပြသလေ့ရှိသူ ဆရာဝန်မှာ ဒေးဒရဲမြို့မှ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမတ်အဖြစ် အရွေးခံခဲ့ရပြီး ထောင်ထဲ၌ တွေ့ဆုံခဲ့ရသူ ဒေါက်တာမျိုးညွန့် ဖြစ်သည်။

သူသည် နှလုံးခွဲစိတ်ကုသမှု ခံယူရဖူးပြီး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာလည်း ခံစားရဖူးသည်။

Most read this week