ချင်းမိုင်(မဇ္စျိမ) ။ ။ မြစ်ကြီးနား တပ်ကုန်း ရပ်ကွက်တွင် ပါဝင်သော ငေါ့ချမ်းကျေးရွာလယ် ကွက် အတွင်း ဆောက်လုပ်ထားသော အိမ် ၁ဝလုံး ကို လာမည့် ၂၉ ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ ပေးရန် ရပ်ကွက် အာဏာပိုင်များက ပြောဆိုကြောင်း ဒေသခံများက ပြောသည်။
လယ်ကွက်များပေါ် ဆောက်ထားသဖြင့် ရပ်ကွက် ဥက္ကဋ္ဌ နှင့် မြေတိုင်းစာရင်း ဦးစီးဌာန အရာရှိတဦးက မြစ်ကြီးနားမြို့၏ မြောက်ဘက် ၁ဝ မိုင်ခန့်အကွာရှိ ပလန ကျေးရွာ ပြန်လည် နေရာချထားရေးသို့
ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်သည်။
“ မြေတိုင်းစာရင်းက လက်မှတ်ထိုးဆိုပြီး စာရွက်မှာလက်မှတ်ထိုးခိုင်းတာ ကျနော်က ကျနော့် မိန်းမ နာမည်ပါတယ်ဆိုပြီး လက်မှတ် ထိုးလိုက်တာ အိမ်ဖျက်သိမ်းကြောင်း သဘောတူစာရွက်ဖြစ်နေတာ ကျနော်တို့ ရွာသားတွေက စာမတတ်ကြလို့ပါ”ဟု ရွာသားတဦးက ပြောသည်။
လက်ရှိ ကျေးရွာ ဥက္ကဋ္ဌ မိဘများက လွန်ခဲ့သည့် နှစ် ၂ဝ ခန့်က လယ်ကွက် အကျယ် ၅ဝ ပေနှင့် အနံ ၄ဝ တို့ကို အိမ်မြေကွက်များအဖြစ် ရောင်းသဖြင့် ဝယ်ယူ နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။
ပလန ပြန်လည် နေရာချထားရေးမှာ စစ်အစိုးရက အိမ်ခြေမရှိသူများကို ချပေးသည့် နေရာဖြစ်ပြီး မိုးတွင်း ရေ ဒူးထိတက်လာသောနေရာဖြစ်သဖြင့် ရွာသားများ မပြောင်းရွှေ့ကြလိုကြောင်း ဒေသခံ တဦးက ပြောသည်။
လယ်ယာမြေကို အိမ်ယာမြေအဖြစ် ပြောင်းလဲရန် ပြည်နယ်ရုံးတွင် လန ၃၉ လျှောက်လဲရသော်လည်း ရွာသားများက လန ၃၉ လျှောက်ရမည်ကို မသိဘဲ စည်ပင်ခွန်များသာ ပေးဆောင်နေကြောင်း သိရသည်။
“ကျမတို့ ကိုယ်တိုင် လန ၃၉ လျှောက်ယူရမယ်ဆိုတာ မသိခဲ့ဘူး။ ခုမှ ရပ်ကွက် ဥက္ကဋ္ဌနဲ့ စည်ပင်မြေစာရင်း ရုံးကလူက သူတို့ လျှောက်ပေးမယ်ဆိုပြီး ငွေ၂ သိန်းစီ ထုတ်ခိုင်းနေတယ်”ဟု ရွာသားတစ်ဦးကပြော သည်။
ယမန်နေ့ ညနေပိုင်းက ရွာသားများကို အစည်းအဝေး ခေါ်ယူ၍ ရပ်ကွက် ဥက္ကဋ္ဌက ရွာသားများကို မပြောင်းရွှေ့လိုပါက တအိမ်လျှင် ကျပ် ၂ သိန်းပေးရန် ပြောလာသည်ဟု အဆိုပါ ရွာသားက ပြောသည်။
ယင်းရွာသားများသည် အဓိကအားဖြင့် တောင်ယာနှင့် လယ်လုပ်ကိုင်စားကြကြောင်း သိရသည်။