ထိုင်းနယ်စပ် ဒုက္ခသည်စခန်း ၂ ခု လူစစ်မည်

ထိုင်းနယ်စပ် ဒုက္ခသည်စခန်း ၂ ခု လူစစ်မည်
by -
အောင်မြတ်စိုး

ဘန်ကောက် (မဇ္စျိမ) ။        ။ ထိုင်း ပြည်ထဲရေးက နယ်စပ် တက်ခ်ခရိုင်အတွင်းရှိ မယ်လနှင့် အုန်းဖြန် ဒုက္ခသည်စခန်း ၂ခု၏ လူဦးရေစာရင်းကို နောက်ဆုံး အကြိမ် စစ်ဆေးတော့မည်ဟု စုံစမ်းသိရှိရသည်။  

၂ နှစ်အတွင်း ပထမဆုံးအကြိမ် စာရင်းကောက်ခံမှုကို မေ ၂၃ ရက်နေ့တွင် တပြိုင်တည်းလုပ်မည်ဖြစ်ကာ စစ်ဆေးပြီးနောက်ပိုင်း စခန်းတွင်း ခိုလှုံလိုသူများ ထပ်မံဝင်ရောက်သူများအတွက် ကုလသမဂ္ဂဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခွင့်ရရေးလက်လွတ်သွားနိုင်သည်။ ထိုင်းပြည်ထဲရေးက ပေးသော လူစာရင်းကိုသာလျှင် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလက်ခံ စဉ်းစား လေ့ရှိသည်။

အာဏာပိုင်များက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရေး လျှောက်ထားသူများကို ဓာတ်ပုံရိုက်ကာကိုယ်ရေး ရာဇဝင်ယူမည် ဖြစ်သည်။

georgievaမယ်လဒုက္ခသည်စခန်းတွင် လူ ၄ သောင်း ၅ ထောင်ကျော်ရှိကာ နှစ်နိုင်ငံ နယ်စပ် တလျှောက်ရှိ စခန်း ၉  ခုအနက် အကြီးဆုံးဖြစ်သည်။ အုန်းဖြန်တွင် လူဦးရေ ၁သောင်း ရ ထောင်ကျော်ရှိသည်။

၂ဝဝ၉  က ဒုက္ခသည်စခန်း ၄ ခုတွင် လူစာရင်းကောက်ခံမှုလုပ်ခဲ့ပြီး နောက်ဆက်တွဲ လုပ်ငန်းလည်း ဖြစ်သည်။ မဲဟောင်ဆောင် ခရိုင်ရှိ ဘန့်မယ်ဆူရင်း၊ မယ်လဦး၊ မယ်ရာမူလမ် စခန်းများတွင်တော့ စာရင်းကောက်ခံမှု လုပ်မည့် ရက်ကို မထုတ်ပြန်သေးပေ။

စခန်း ၅ ခုလုံးရှိ ဒုက္ခသည် စာရင်းကောက်ယူအပြီး ထိုင်းအစိုးရက မြန်မာဒုက္ခသည်အရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ပေါ်ထွက်လာနိုင်သည်ဟုထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်များအကူအညီပေးရေးအဖွဲ့ TBBC မှ တွဲဘက်ဒါရိုက်တာ ဆယ်လီသွန်မဆင်က ခန့်မှန်းသည်။

ဒုက္ခသည်စခန်းများ ပိတ်ပစ်ရန် အစီအစဉ်များရှိသော်လည်း မည်သည့်အချိန်ဆိုသည်ကိုမပြောနိုင်သေး ကြောင်း ထိုင်းအမျိုးသား လုံခြံုရေးကောင်စီမှ မစ္စတာ Thawil Pliensri ပြောစကားကို ကိုးကား၍ ဧပြီလ ၁၁ရက်နေ့ထုတ် ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ် ဧပြီကလည်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒုက္ခသည် အများစုသည် ထိုင်းနိုင်ငံ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သည့် အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပ၍ တိုင်းပြည်တည်ငြိမ် သွားပါက နေရပ်သို့
 ပြန်ပို့နိုင်မည် မျှော်လင့်ရကြောင်း ပြောဆိုခဲ့သေးသည်။

ထိုသို့ပြောကြားချက်များက စခန်းတွင်းရှိ ဒုက္ခသည်များကို စိုးရိမ်ပူပန်စေသည်။ “မြန်မာပြည်ကို ပြန်ပို့မယ် မပို့ဘူးဆိုတာကိုတော့ အခုထိဘယ်သူမှ ဘာမှမပြောသေးပါဘူး” ဟု TBBC မှ  ဆယ်လီ သော်မဆင် က ပြောသည်။

၂ဝဝ၉ အထိ ထိုင်းနိုင်ငံ ခရိုင် ၄ ခုမှ မဟောင်ဆောင်ခရိုင်ရှိ ဘန်မိုင်နိုင်ဆွိုင်စခန်း၊ တက်ခ်ခရိုင်မှ နို့ဖိုးစခန်း၊ ကန်ချနဘူရီခရိုင်မှ ဘန့်ဒုံယမ်းစခန်း၊ ပတ်ချဘူရီခရိုင်မှ ထဟင်စခန်း စုစုပေါင်းစခန်း ၄ခုကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။

ပထမဦးဆုံးအကြိမ် နယ်စပ်လူဦးရေ တရားဝင် မှတ်ပုံတင်ခြင်းကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် UNHCR က ၁၉၉၉ တွင် စတင်ဆောင်ရွက်ခဲ့သည်။

ထိုင်းနိုင်ငံ ရတ်ချ်ဘူရီခရိုင်တွင် ထဟင်စခန်း၊ ကန်ချနဘူရီခရိုင်တွင် ဘန့်ဒုံယမ်းစခန်း၊ တက်ခ်ခရိုင်တွင် အုန်းဖြန်၊ မယ်လ၊ နို့ဖိုးစခန်းနှင့် မဟောင်ဆောင်ခရိုင်တွင် ဘန်မိုင်နိုင်ဆွိုင်၊ ဘန့်မယ့်ဆူရင်း၊ မယ်လဦး၊ မယ်ရာမူလမ်စခန်း စသဖြင့် ခရိုင်၄ခုတွင် ဒုက္ခသည် စခန်း ၉ခုရှိသည်။

ထို့အပြင် ထိုင်းနိုင်ငံ အတွင်းပိုင်း ချင်းမိုင်ခရိုင်ရှိ ရှမ်းဒုက္ခသည်စခန်း ဝေဟန်ကိုပါ ထဲ့တွက်လျှင်၂ဝ၁၁ ခုနှစ် မတ်လကုန်အထိ လူဦးရေ ၁၄၃,ဝ၉၇ ဦး ရှိပြီး UNHCR အသိအမှတ်ပြု ဦးရေမှာ ၉၃,၃၂၆ ဦး ဖြစ်ကြောင်း TBBC မှတ်တမ်းအရ သိရသည်။

Most read this week