တောင်ငူတွင် NLD အခမဲ့ကျောင်း ဖွင့်

တောင်ငူတွင် NLD အခမဲ့ကျောင်း ဖွင့်
by -
သဲသဲ

နယူးဒေလီ (မဇ္စျိမ) ။      ။ ဆင်းရဲချို့တဲ့သူအထက် တန်း ကျောင်းသားများအတွက် အခမဲ့သင်ကျောင်း တကျောင်းကို ပဲခူးတိုင်း တောင်ငူမြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က မေလ ၂ ရက် တနင်္လာနေ့တွင် တောင်ငူ၌ ဖွင့်လှစ်လိုက်သည်။

ဆင်းရဲသဖြင့် အထက်တန်းပညာ ဆက်လက် မသင်ကြားနိုင်သူများ၊ ကျောင်းနေသော်လည်းပြင်ပစာသင် ဝိုင်းများတွင် မသင်ယူနိုင်သည့် ကျောင်းသားများ ရှိနေသဖြင့် ရပ်မိရပ်ဖများနှင့် ဆရာ၊ ဆရာမများအကူ အညီဖြင့် တောင်ငူ NLD က အခမဲ့ စာသင်ကျောင်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

A-mae-eaing“ကျနော်တို့ ပတ်ဝန်းကျင်မှာလည်း ဆင်းရဲ နွမ်းပါး တဲ့ မိဘတွေရဲ့ သားသမီးတွေ၊ ကျောင်းနေ ချင်ရက်နဲ့ မနေနိုင်တာ၊ကျောင်းနေ တယ် ဒါပေမဲ့ ကျူရှင်တွေ မယူနိုင်တာ၊ဒီလို ကလေးတွေရဲ့ အခက်အခဲကို တွေ့ရတဲ့အခါ အဖွဲ့ချုပ်က စိတ်ပါဝင်စားသူတွေရော၊ အငြိမ်းစား ဆရာ၊ဆရာမတွေနဲ့ အလှူရှင်တချို့၊ ရပ်မိ ရပ်ဖတွေ တိုင်ပင်ပြီး.. လုပ်ကြတာပါ” ဟု တောင်ငူ NLD လွှတ်တော်အမတ်ဦးအောင်စိုးမြင့် က မဇ္စျိမကို ပြောသည်။

အောင်မင်္ဂလာ ရပ်ကွက်၊ ၅ လမ်းတွင် နေထိုင်သည့် ဦးအောင်စိုးမြင့် နေအိမ်ရှိ ပါတီရုံးခွဲနေရာကိုစာသင်ခန်း အဖြစ် ပြောင်းလဲကာ ဖွင့်လှစ်သည်။

အငြိမ်းစား ဝါရင့် ကျောင်းဆရာ၊ ဆရာမ ၈ ဦးတို့က ပညာဒါနအဖြစ် အခမဲ့ သင်ကြားပေးမည်ဖြစ်ပြီး၊ ၉ တန်း ကျောင်းသား ၉၀ ကျော်နှင့် ၁၀ တန်းကျောင်းသား ၅၀ နီးပါး လာရောက် ကျောင်းအပ်နှံခဲ့ကြသည်။

တနင်္လာမှ သောကြာနေ့ကို နေ့စဉ် ကျောင်းသင်ရိုးညွှန်းတမ်းအလိုက် ပို့ချကာ စနေနှင့် တနင်္ဂနွေတွင် ကျောင်းစာပြင်ပ အင်္ဂလိပ်စာ (ရေး၊ ဖတ်၊ ပြော၊ ကြား) ကိုပါ သင်ကြားသွားမည်။ ထို့အပြင် ထူးချွန် ထက်မြက်သည့် ကလေးများကို ရန်ကုန်ရှိ နိုင်ငံတကာ ကျောင်းများသို့ ပညာသင်ခွင့်ရရန် ကူညီသွားမည် ဖြစ်သည်။

တောင်ငူတွင် ကျောင်းပြင်ပရှိ ကျူရှင်ကျောင်းများကိုသာ အများအားဖြင့် အားကိုးနေကြရာ ဘာသာရပ်တခုလျှင် ကျပ်ငွေ သောင်းဂဏန်းထိ ပေးရသဖြင့် မိဘများ ကျောင်းစရိတ် ကြီးလေးစေသည်ဟု ဦးအောင်စိုးမြင့်က ပြောသည်။

“ကျောင်းမှာသင်တဲ့ ဆရာ၊ ဆရာမတွေကိုယ်တိုင်က ကျောင်းမှာတမျိုး၊ ကျူရှင်မှာတမျိုးလေ။ သူတို့မှာလည်း စီးပွားရေး အခက်အခဲ ရှိတယ်ဆိုပေမယ့် လိုတာထက် ပိုနေတယ်လို့ ကျနော်မြင်တယ်။ ကျောင်းပဲတက်နိုင် တယ်၊ ကျူရှင်မတက်နိုင်တဲ့ ကလေးဆိုရင် ကျောင်းမှာ စာမလိုက်နိုင်ဘူး၊ စာမေးပွဲအောင်ဖို့အတော်အခက် အခဲရှိတယ်” ဟု သူက ဆိုသည်။ ကျောင်းဖွင့်သည်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးက မေးမြန်းသော်လည်း အနှောင့်အယှက် မပေးဟု ဆိုသည်။

baydarအခမဲ့ စာသင်ကျောင်းအတွက် တောင်ငူမြို့ ရပ်မိရပ်ဖများက ထိုင်ခုံ၊ မီးချောင်း၊ အင်ဗာတာ၊ ဘက်ထရီအိုး စသည်တို့ လှူဒါန်းခဲ့ကြောင်းနှင့် ကျောင်းသားများ ပိုမိုလက်ခံနိုင်ရန် စာသင်ခန်း တိုးချဲ့ရန် လိုအပ်နေကြောင်း သိရသည်။

၁ဝ တန်းကျောင်းသား တဦး၏ တနှစ်စာ ကျူရှင်ခမှာ ကျပ် ၁ဝ သိန်းခန့် ကုန်ကျခဲ့ကြောင်း ရန်ကုန်မြို့ခံ ကျောင်းသား မိခင်တဦးကလည်း မဇ္စျိမကို ပြောပြသည်။

လူထုလိုအပ်ချက်ကြောင့် အခမဲ့ ပညာသင်ကျောင်း များကို NLD လူငယ် ကွန်ယက်များမှတဆင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုက ဆိုသည်။

"စစ်အစိုးရလက်အောက်မှာ နှစ်ပေါင်းကြာလာတော့ ပြည်သူလူထုဘဝက လိုအပ်ချက် ကြီးမားလာတယ်။ အထူးသဖြင့် ပညာရေးနဲ့ ကျန်းမာရေးတွေမှာပေါ့ဗျာ။ မိဘတွေက ပိုက်ဆံမတတ်နိုင်တော့ ကိုယ့်ကလေးတွေ ပုံမှန်ကျောင်းတောင် မထားနိုင်ဘူး။ နွမ်းပါးတဲ့သူတွေကို လူငယ်တွေထဲမှာ ပညာသင်ပေးချင်တဲ့သူတွေရှိတော့ ကျနော်တို့က ကျောင်းတွေ ဖွင့်ပေးပြီး ကြားထဲကနေ ချိတ်ဆက်ပေးလိုက်တာ ပညာသင်ကြားရေးကွန်ယက် ဖြစ်သွားတာပေါ့။ ဒါက ကျနော်တို့ရဲ့ ကွန်ယက် သဘောတရားပါပဲ" ဟု NLD ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။

NLD ၏ ကွန်ယက်ချိတ် အခမဲ့ ပညာသင်ကျောင်းများမှာ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် ဗေဒါသင်တန်း ကျောင်း၊ လှိုင်သာယာတွင် အမေ့အိမ်ကျောင်းနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မြတ်မိခင် စာသင်ကျောင်းတို့ ဖြစ်သည်။

ဗေဒါကျောင်း၌ လူမှုဆက်ဆံရေး၊ ကမ္ဘာ့ပြဿနာများ သင်ခန်းစာ၊ အရှေ့တောင်အာရှ နိုင်ငံများကိုလေ့လာခြင်း နှင့် အခြေခံအင်္ဂလိပ်စာ ဘာသာရပ်များကို နှစ်ပတ်တကြိမ် သင်တန်းပေးပြီး၊ အမေ့အိမ်တွင် အခြေခံ မူလတန်းမှ အထက်တန်းအထိ သင်ယူနိုင်ကာ အခြေခံ အင်္ဂလိပ်စာများကို ပို့ချပေးနေသည်။

သမ္မတ ဦးသိန်းစိန် အစိုးရသစ်၏ ဘဏ္ဍာရေးနှစ်အတွက် လျာထားသည့် အသုံးစရိတ်တွင် စစ်ရေးအတွက် ၃ဝ ရာခိုင်နှုန်းနီးပါးရှိသော်လည်း ပညာရေးအသုံးစရိတ်မှာ ၄.၅၇ ရာခိုင်နှုန်း သာရှိသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာသင် ကျောင်းပေါင်း ၄ သိန်း တသောင်းခန့်ရှိပြီး ကျောင်းသား ၈ သန်းခန့် ရှိ ကြောင်း ပညာရေးဝန်ကြီး ပြောဆိုချက်အရ သိရသည်။

Most read this week