ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင်စာရင်း ထုတ်ပြန်

ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင်စာရင်း ထုတ်ပြန်
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။        ။ အမေရိကန်ရောက် မြန်မာများက မြန်မာပြည်တွင်း စေတနာ့ဝန်ထမ်း လူမှုရေး လုပ်ငန်းများ၌ ကိုယ်ကျိုးစွန့်ဆောင်ရွက်   နေသူများကို ပေးအပ်မည့် ပြည်သူ့ဂုဏ်ရည်ဆု ပေးပွဲအတွက်ဆန်ခါ တင် ၅ ဦး အမည်စာရင်း ထုတ်ပြန်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူမှုအထောက်အကူပြုအဖွဲ့၊ အကျဉ်းကျခံ ဟာသပညာရှင် ဇာဂနာ (ခေါ်) ဦးသူရ၊ တောင်ဒဂုံရှိ HIV/AIDS ဝေဒနာရှင်များကို ကူညီသူ မဖြူဖြူသင်း၊ နိုင်ငံရေးအမှုများအတွက် အခမဲ့ လိုက်လံကူညီသူ ရှေ့နေဦးရန်နိုင်အောင် (ခေါ်) ဦးဖိုးဖြူနှင့် အကျဉ်းစံ သံဃာတော်များနှင့် သီလရှင်များကို ထောင်ဝင်စာ လိုက်တွေ့သူ ဒေါ်ရှုတို့ ဖြစ်သည်။

ctzb
“ကျနော်တို့ မဲပေးတယ်ဆိုတာက လူမှုရေး လုပ်ငန်းတွေကို လုပ်တဲ့နေရာမှာ ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံ နိုင်မှု၊ နောက် ကျယ်ပြန့်ထိရောက် အောင်မြင်မှု၊ နောက် နိုင်ငံသားများနဲ့ လူ့ဘောင်လောကအတွက် စံပြဖြစ်မှုဆိုတဲ့ အချက် ၃ ချက်ကို ၅ မှတ်စီနဲ့ ၁၅ မှတ်ထားပြီးတော့ ဂုဏ်ပြုပွဲကျင်းပရေး ကော်မတီက မဲပေးခွင့်ရှိတဲ့သူတွေက မဲပေးပြီးတော့ ရွေးပါတယ်” ဟု ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ တာဝန်ရှိသူ တဦးဖြစ်သူ ကိုကျော်ဝဏ္ဏက မဇ္စျိမကို ပြောသည်။
 
ဆုအတွက် အဆိုပြုလွှာပေါင်း ၁ဝဝ ကျော် ရရှိခဲ့ပြီး အများစုမှာ ပြည်တွင်းမှ ဖြစ်ကာ၊ ထိုအထဲတွင်အဖွဲ့အစည်း နှင့် လူပုဂ္ဂိုလ် ၃၄ ခု ပါဝင်သည်။

“အဆိုပြုလွှာတွေက ရာနဲ့ချီပြီးတော့ ဝင်ပါတယ်။ စာတိုက်သေတ္တာကိုလည်း အများဆုံးလာတာကပြည်တွင်း က လာတာပါ။ ပြည်တွင်းကနေ အဲဒီစာတိုက် သေတ္တာကို စာနဲ့ ပို့ပြီးတော့ သူတို့ဂုဏ်ပြုချင်တဲ့ သူရဲ့ နာမည်နဲ့ လုပ်ဆောင်ချက် အကျဉ်း။ အဲဒါတွေကို ပို့ပေးပါတယ်။ အဆိုပြုလွှာ ပိတ်ရက်မှာ အားလုံးကို စစ်လိုက်တော့ ၃၄ ဦး၊ ၃၄ ဖွဲ့ပေါ့နော်။ အဖွဲ့အစည်းကော၊ လူပုဂ္ဂိုလ်ကော ၃၄ ခု ကျနော်တို့ လက်ခံရပါတယ်” ဟု ကိုကျော်ဝဏ္ဏက ဆိုသည်။
 

အဆိုပါ ၃၄ ခုထဲမှ ပဏာမအဆင့်အဖြစ် ၂ဝ အား ရွေးချယ်ခဲ့ပြီး၊ ထိုမှတဆင့် ဆန်ခါတင် ၅ ဦးကို ရွေးချယ်ခဲ့ သည်။ ထိုသို့ရွေးချယ်ရာ၌ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ရေးကော်မတီတွင် ပါဝင်သည့် မြို့များမှ စိတ်ကြိုက် ၅ ဦးစီ ရွေးချယ်ကြပြီး မဲအများဆုံးရရှိသူကို ရွေးထုတ်ခဲ့သည်။
 
“ဒီနှစ်ဆိုရင် ပြည်ပက အင်္ဂလန်နိုင်ငံ ပါလာပါတယ်။ ဆိုတော့ အဲဒီမြို့တွေက၊ ပူးပေါင်းပါဝင်တဲ့ မြို့တိုင်းက နှစ်သက်တဲ့ ၅ ဦးကို ရွေးပိုင်ခွင့် ရှိပါတယ်။ အဲဒါက ဒီ Program မှာ ဘယ်မြို့မဆို ပါလို့ရပါတယ်။ ပါတဲ့အခါကျ ဘာတွေ လိုအပ်မှာလဲတို့၊ ဘာတို့ကတော့ သိပ်မကြာခင်မှာ ပြည်သူ့ဂုဏ်ရည် ဝဘ်ဆိုဒ်မှာ တင်ထားပေးပါမယ်။ အဓိက ကတော့ အားလုံး စိတ်ပေါ့ပေါ့ပါးပါးနဲ့ ဝင်ပြီးတော့ ပါနိုင်အောင်လို့ ကျနော်တို့ စီစဉ်တာ ဖြစ်ပါတယ်” ဟု ကိုကျော်ဝဏ္ဏက ပြောသည်။
 
ယခုအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကို နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ရရှိခဲ့သည်။

ဆုကို (၁) ပြည်တွင်းလူမှုရေး ဆောင်ရွက်ချက်များကိုသာ ရည်ရွယ်ဦးတည်ခြင်း၊ (၂) လူမျိုး၊ကိုးကွယ် သည့်ဘာသာ၊ တိုင်းရင်းသား၊ ကျား/မ၊ အသက်အရွယ်၊ ကိုယ်စားပြုသည့် အဖွဲ့အစည်းနှင့်မွေးဖွားရာဒေသ မရွေး မြန်မာနိုင်ငံအတွင်း လူမှုရေးလုပ်ငန်း လုပ်ဆောင်နေသူအားလုံး အကျုးဝင်စေခြင်းနှင့် (၃) လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်ရာ၌ ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံမှု၊ ကျယ်ပြန့်ထိရောက် အောင်မြင်အောင် ဆောင်ရွက်ပြီးစီးနိုင်မှု၊ နိုင်ငံသားများနှင့် လူ့ဘောင်လောကအတွက် စံပြဖြစ်မှုများ စသည့် အချက် ၃ ချက်ကို အခြေခံ၍ ပေးအပ်ခြင်း ဖြစ်သည်။

ယခုနှစ် ဆုပေးပွဲတွင် အမေရိကန်သာမက အင်္ဂလန်နိုင်ငံရောက် မြန်မာပြည်သားများပါ ပါဝင်လာသည်။

“ပြည်ပမှာ ရောက်နေတဲ့ မြန်မာတွေကလည်း အခု အရမ်းကို ရာခိုင်နှုန်းက သိပ်များလာတဲ့အခါကျ ကိုယ့် တိုင်းပြည်မှာ အဲဒီလိုမျိုး လူမှုရေး လုပ်ငန်းတွေကို အနစ်နာခံပြီးတော့၊ ကိုယ်ကျိုးစွန့်ပြီးတော့လုပ်နေကြ တဲ့သူတွေ အများကြီး ရှိတယ်။ သူတို့ကို ဂုဏ်ပြုတဲ့အခါကျတော့လည်း ကျနော်တို့က တိုးတိုးတိတ်တိတ်ပဲ ဂုဏ်ပြုရတယ်လေ။ ဘာလို့ဆိုတော့ သူတို့ ဒုက္ခရောက်မှာစိုးတယ်။ ဒီဥစ္စာကို ကိုယ်က မလုပ်ရဲဘူး၊လုပ်လို့ ရှိရင် မြန်မာပြည် မပြန်ရမှာ စိုးတယ်။ ကြိတ်ကြိတ်ပြီးတော့ ကြည်ညိုနေရတာက ရပ်တန်းက ရပ်သင့်ပြီ ပေါ့နော်။ သူတို့တောင် ဒီလို အနစ်နာခံ လုပ်နေတာ ကျနော်တို့ ပြည်ပမှာနေတဲ့သူတွေက အန္တရာယ်နဲ့လည်း အဝေးကြီး၊ သူတို့ကို အနည်းဆုံး ပေါ့နော်… ကျေးဇူးတင်ပါတယ်ဆိုတာလောက်ကို လူသိရှင်ကြားပြောချင် တယ်ဗျာ” ဟု ပွဲဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူက ဆိုသည်။
 
ယမန်နှစ်က ပေးအပ်ခဲ့သည့် ဆုပေးပွဲအတွက် နိုင်ငံပေါင်း ၅၄ နိုင်ငံရှိ မြန်မာများက အွန်လိုင်းမှတဆင့် ဆန္ဒမဲ ထည့်ဝင်ခဲ့ကြပြီး ဆန္ဒမဲပေါင်း ၃ သိန်းခန့် ရရှိခဲ့သည်။ အမေရိကန်ဒေါ်လာ ရဝဝဝ နှင့် ဂုဏ်ပြုဆုပေးအပ်ခဲ့ပြီး ယခုနှစ်တွင်မူ အမေရိကန်ဒေါ်လာ ၁ဝဝဝဝ အထိ တိုးမြှင့် ချီးမြှင့်သွားမည်။ ယင်းဆုကြေးငွေကို နိုင်ငံတကာရောက် မြန်မာလူမျိုးများက စုပေါင်းထည့်ဝင်ကြခြင်း ဖြစ်သည်။

“အားလုံးစုပေါင်းလှူကြတဲ့ အလှူသဘောမျိုးပါပဲ။ ကျနော်တို့ ၃ ကျပ်ကနေ စထည့်ပါတယ်။ ဒေါ်လာ ၃ ကျပ်ကနေ ၅ ကျပ်၊ ၁ဝ။ တတ်နိုင်တဲ့ တချို့တွေကျတော့လည်း အများဆုံးထည့်တာ ၅ဝဝ ပါ။ ၅ဝဝ ထက်တော့ တခါမှ မပိုဘူးပါဘူး။ အဲဒီလိုမျိုး အားလုံးရဲ့ ချွေးနဲစာနဲ့ပေါ့” ဟု ပွဲဖြစ်မြောက်ရေးတာဝန်ခံက ဆိုသည်။

 
ယခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်အတွက် ဆန္ဒမဲများကို မေလ ၄ ရက်နေ့ ညမှစ၍ မေလ ၁၄ ရက်နေ့ ညအထိ www.citizenofburma.org တွင် ထည့်သွင်းနိုင်မှာဖြစ်ပြီး၊ ဆုရရှိသူကို မေလ ၁၅ ရက်နေ့၌ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင်  ကျင်းပမည့် ဂုဏ်ပြုပွဲအခမ်းအနား၌ ကြေညာသွားမည်။

ဆန္ဒမဲပေးရာတွင် IP Address တခုတည်းမှ ၁ဝ ကြိမ်အထိ ထည့်သွင်းနိုင်မည်ဖြစ်ပြီး တရက်လျှင် တကြိမ်သာ ပေးခွင့်ရမည်ဖြစ်သည်။