ရွေးကောက်ပွဲ မဲသမာမှုများ ပြန်လည်စစ်ဆေး

ရွေးကောက်ပွဲ မဲသမာမှုများ ပြန်လည်စစ်ဆေး
by -
ဖနိဒါ

ချင်းမိုင် (မဇ္စျိမ) ။     ။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ ကျင်းပခဲ့သဖြင့် ရွေးကောက်ပွဲ မဲမသမာမှုဆိုင်ရာ အမှုများကို ၂ လကျော်ကြာဆိုင်းငံ့ ထားရာမှ ဗုဒ္ဓဟူးနေ့တွင် ပြန်လည်စစ်ဆေးနေပြီဖြစ် သည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရ၆ ဒဿမ ၅ ရာခိုင်နှုန်းဖြင့် အနိုင်ရသည်ဟု ကြေညာခဲ့သော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အခြား ပါတီအချို့က ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်တန်းခဲ့သည့် အမှုများ ဖြစ်သည်။
 
အမျိုးသားဒီမိုကရေစီအင်အားစု NDF မှ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ တွင် အနိုင်ရခဲ့သူ အမတ် ဒေါက်တာမြတ်ဉာဏစိုးသည် မဲမသမာမှု ပြုခဲ့သည်ဟု စွပ်စွဲခဲ့သော ကြံ့ဖွံ့ပါတီမှ စာရေးဆရာ တက္ကသိုလ်မြတ်သူကို နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်၏ ဗုဒ္ဓဟူးနေ့ ခုံရုံးက စစ်ဆေးခဲ့သည်။
 
“ကြံ့ဖွံ့ကတင်တဲ့ ကန့်ကွက်လွှာကို ပြန်ပြင်တာကို ခွင့်ပြုမိန့် ချလိုက်တယ်။ သူတို့က ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ တရားမဲ့ ပြုကျင့်မှု ပေါ်ပေါက်တယ်လို့ ကန့်ကွက်တာကိုး။ ဒါပေမဲ့ ကျနော်တို့က တရားမဲ့ ပြုကျင့်မှု ဥပဒေအထောက်အထားတွေ မပါတဲ့အတွက် ကန့်ကွက်လွှာ ပြန်ပြင်ခွင့် အမိန့်ချလိုက် တာ” ဟု ဒေါက်တာမြဉာဏစိုး၏ အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်က မဇ္စျိမကို ပြောသည်။
 
လာမည့် မေလ ၉ ရက်မှ ၁၂ ရက်နေ့အထိ ရုံးချိန်းပေးလိုက်ရာ ထိုရက်များတွင် ကြံ့ဖွံ့ပါတီမှ သက်သေများကို စစ်ဆေးသွားမည်ဖြစ်သည်။
 
ထို့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ရှုံးနိမ့်သူ NDF ပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာက ကြံ့ဖွံ့ပါတီမှ လက်ရှိ သမဝါယမဝန်ကြီး ဦးအုန်းမြင့်သည် မဲမသမာမှု ပြုခဲ့သည်ဟူသောစွပ်စွဲထားသည်ကို လည်း လာမည့် မေလ ၃ဝ နှင့် ၃၁ ရက်နေ့များသို့ ချိန်းဆိုလိုက်သည်။
 
လွှတ်တော်တက် အမတ်များတွင် တရားမဲ့ ပြုကျင့်မှု ပေါ်ပေါက်ပါက လွှတ်တော်မှ နုတ်ထွက်ရမည်ဖြစ်ပြီး၊ ကြားဖြတ် ရွေးကောက်ပွဲများ ရှိလာနိုင်သဖြင့် မဲမသမာမှု အမှုများကို အမြန်ဆုံး စစ်ဆေးဖွယ်ရှိကြောင်း ဦးမြင့်သွင်က ခန့်မှန်းပြောဆိုသည်။