ချင်းမိုင် (မဇ္စျိမ) ။ ။ ၂၇ နှစ်ခန့်အကြာရေအောက် နစ်မြုပ်ခဲ့သည့် ထိုင်းနိုင်ငံ ပိုင်နက်အတွင်းရှိ ဘုရားသုံးဆူ စေတီဟောင်းနှင့် ဝင်းကရွာဟောင်းမှ သာသနိက အဆောက်အအုံများမြစ်ရေခန်း ခြောက်နေသဖြင့်ပြန်ပေါ် လာခဲ့သည်။
ပြန်ပေါ်လာသည့် ကျောင်း၊ သိမ်နှင့် သာသနိက အဆောက်အအုံများမှာ ပျက်စီးနေပြီး၊စေတီဟောင်း ကိုလည်း အုတ်ပုံအဖြစ်သာ မြင်တွေ့ရတော့ကာ ရွာဟောင်းမှာမူ ရေအောက်တွင် နစ်မြုပ်ဆဲဖြစ်သည်။
လက်ရှိ ခေါ်တွင်နေသည့် ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူနှင့် ကီလိုမီတာ ၂ဝ ကျော် ကွာဝေးပြီး ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ် ဝင်းကရွာသစ်အနီးတွင် ထိုသို့ ပြန်ပေါ်လာပုံကို ဒေသခံများ မြင်တွေ့ကြသည်။
စံခလယ်ချောင်း၊ ဘီးခီး (ခေါ်) ကင်းချောင်း၊ လန်တီချောင်း သုံးသွယ် ပေါင်းဆုံရာ၌ဘုရားသုံးဆူစေတီ ဟောင်းနှင့် ဝင်းကရွာဟောင်း တည်ရှိသည်။
“ရွာဟောင်း ရေမြုပ်ကတည်းကဆို အခုလို ရေခန်းတာ ၅ ကြိမ် ရှိပြီ။ ရ နှစ် တကြိမ်လောက်ဒီလိုခန်း တတ်တယ်။ ဒါပေမဲ့ မနှစ်နဲ့ ဒီနှစ်က ဆက်တိုက်ရေခန်းတယ်” ဟု ထိုင်းနိုင်ငံ၏ အရှည်ဆုံး စံခလပူရီ သစ်သားတံတားအနီး စံခလယ်ချောင်းတွင် ဖောင်အိမ်ငှားခြင်းဖြင့် ၂၅ နှစ်ကျော် အသက်မွေးလာခဲ့သူ နိုင်ချစ်ငွေက ပြောသည်။
ထိုင်းအစိုးရက ချောင်းသုံးသွယ် ပေါင်းစုံရာမှ ဖြစ်ပေါ်လာသည့် ကွေးမြစ်လက်တက်မှ ရေများကို ထွန်ဖါဖွန် ရေကာတာဖြင့် ထိန်းသိမ်းပြီး ရေအားလျှပ်စစ် ထုတ်လုပ်သည့် စီမံကိန်းကြောင့် ရေအောက်နစ်မြုပ်ခဲ့ရာမှ ၅ ကြိမ်မြောက် ပြန်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။
ပုံမှန်နွေရာသီ ရေအနည်းဆုံးအချိန်တွင် စံခလယ်ချောင်း၌ ရေ ၁၈ ပေ ရှိပြီး ယခုနှစ်တွင် ၉ ပေသာ ကျန်ရှိကာ ဆက်လက်လျော့နည်းဖွယ် ရှိသည်ဟု နိုင်ချစ်ငွေက ပြောသည်။
စေတီဟောင်းနှင့် သာသနိက အဆောက်အဦးဟောင်းသို့ မော်တော်ကား၊ စက်လှေများဖြင့် နေ့စဉ် လာရောက်လေ့လာသည့် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများ ၅ဝ - ၆ဝ ဦးခန့် ရှိပြီးရုံးပိတ်ရက် များတွင်မူ ၁ဝဝ ကျော် ရှိသည်။
“အခု ရေနည်းတော့ ဖေါင်အိမ်နဲ့ သွားလာလို့ မရတော့ဘူး။ ပဲ့ချိတ်စက်လှေတွေနဲ့ပဲ သွားကြတာ များတယ်။ ဝင်းကရွာဟောင်းနဲ့ စေတီဟောင်းကိုပဲ သွားကြတာ များတယ်” ဟု နိုင်ချစ်ငွေက ပြောသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝ ကျော် ဟံသာဝတီ မင်းနေပြည်တော် ပျက်သုဉ်းစဉ်က ထိုင်းနိုင်ငံသို့ ဝင်ရောက် ခိုလှုံခဲ့သည့် မွန်လူမျိုးများက အဆိုပါဘုရားသုံးဆူကို တည်ထားခဲ့သည်ဟုသမိုင်းမှတ် တမ်းအချို့က ဆိုသည်။
ရေအောက်နစ်မြုပ်နေသည့် ရွာဟောင်းကို လွန်ခဲ့သည့် ၁၉၄၉ ခုနှစ် လွတ်လပ်ရေး ရပြီးစအချိန်က ဝင်းကဆရာတော်ဘုရားကြီးနှင့် ပြည်တွင်းစစ်ဒဏ်ကို တိမ်းရှောင်လာသည့် မြန်မာနိုင်ငံအောက်ပိုင်းမှ အိမ်ထောင်စု ၆ဝ ခန့်ရှိ မွန်လူမျိုးများက တည်ထောင်ခဲ့ကြသည်။