ဘန်ကောက် (မဇ္စျိမ) ။ ။ထိုင်းနိုင်ငံအရှေ့ မြောက် ပတ်ချဘွန်ခရိုင် စမုထောမြို့နယ်ရှိ ကောက်ကောက် ၉၉ ကြက်သားစက်ရုံတွင် မြန်မာလုပ်သားများနှင့် စက်ရုံလုံခြံုရေးဝန်ထမ်း များအကြား ဧပြီ ၂၇ ရက်၊ ဗုဒ္ဓဟူး ည၌ ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့ကြောင်းအလုပ်သမား များထံမှ စုံစမ်းသိရှိရသည်။
အလုပ်နားချိန်ဖြစ်သဖြင့် ည ၈ နာရီခန့်တွင် ဂစ်တာတီးနေသော မြန်မာအလုပ်သမားများကိုစက်ရုံလုံခြံုရေး ဝန်ထမ်း ၃ ဦးက မတီးခတ်ရန် လာပြောပြီးနောက် ၂၇ နှစ်အရွယ် ကိုမင်းမင်းကို သေနတ်ဒင်ဖြင့် ရိုက်ကာ ဖမ်းဆီးခေါ်ဆောင်သွားရာမှ စတင်ဖြစ်ပွားကြောင်း သိရခြင်း ဖြစ်သည်။
“စက်ရုံရဲ့ သတ်မှတ်ချိန်က ၁ဝ နာရီခွဲလေ။ သူတို့သီချင်းဆိုတာက ၈ နာရီတောင်မှ မထိုးသေးဘဲဟာ။ အဲဒီမှာ ပြဿနာ စတက်တာ။ ယမ်း(လုံခြံုရေး) တယောက်က သေနတ်နဲ့ နားထင်ကို တေ့ထားတယ်၊ တယောက်က သေနတ်နဲ့ ရိုက်တယ်။ အဲဒီမှာ ကျနော်တို့ မြန်မာပြည်သား တယောက်က နဖူးကွဲသွားတယ်” ဟုစတင်ဖြစ်ပွား ပုံကို စက်ရုံလုပ်သား ကိုရဲက မဇ္စျိမကို ပြောပြသည်။
ကိုမင်းမင်းကို လုံခြံုရေးများက သေနတ်နှင့်တေ့ကာ ခေါ်သွားပြီး လူထုဆက်ဆံရေးရုံး၌ ထားရှိသည်ကို မြန်မာအလုပ်သမား ၂ဝဝ ကျော်က သွားရောက်ကာ မေးမြန်းရှင်းလင်းရာ ပြေလည်မှုမရဘဲ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မြန်မာအလုပ်ကြပ်ဖြစ်သူ ကိုနိုင်ကလည်း “ကျနော်ထမင်းစား ပြန်လာတော့ ရုံးမှာ လူတွေ စုနေကြပြီ။ မေးကြည့်တော့ ယမ်းက မြန်မာပြည်သား တယောက်ကို ထုလိုက်တယ်၊ အဲဒါကို မကျေနပ်ကြဘူး။ ဖြေရှင်းခိုင်းတယ်။ ကျနော်တို့လည်း ထိန်းပါတယ်။ နောက်ပိုင်း ကျနော် အပြင်ထွက်လာပြီး ရပ်နေတော့ ခဲနဲ့ထုတာ ကျနော့်လက်တောင် ထိသွားသေးတယ်” ဟု မဇ္စျိမကို ပြောသည်။
ရိုက်နှက်သူ လုံခြံုရေး နှစ်ဦးကို ထုတ်ပေးရန် ပြောဆိုကာ မငြိမ်မသက်ဖြစ်လာသဖြင့် လုံခြံုရေးများမှာ စက်ရုံဝင်းပြင်ပ ထွက်ပြေးသွားခဲ့ပြီးနောက် အလုပ်သမားများက စက်ရုံဝင်းထဲရှိ ကား ၃ စီးအားရိုက်ချိုး ဖျက်ဆီးပြီး၊ ကားတစီးနှင့် ဆိုင်ကယ် ၃ စီးကို ရေထဲသို့ တွန်းချခဲ့သည်ဟု မြန်မာများ အဆိုအရ သိရသည်။ ထိုအတောအတွင်း စက်ရုံဝင်းထဲ ဝင်လာသူ ရဲတဦးကိုပါ အလုပ်သမားများက ဖမ်းဆီးခဲ့သည်။
“ည ၁ဝ နာရီ ကျော်ကျော်လောက်မှာ ရဲတယောက် ဝင်လာတယ်။ မြန်မာပြည်သားကို ရိုက်လိုက်တဲ့ ယမ်း ၃ ယောက်ကို လာဖမ်းတာပေါ့။ သူက ဓာတ်ပုံရိုက်တယ်ဆိုတော့ လန့်ဖြန့်သွားကြပြီးတော့ ကင်မရာကို ဆွဲလုလိုက်တယ်။ သူကလည်း မပေးဘူး။ လုကြရင်းနဲ့ သူ့ကို ရိုက်လိုက်တာ ကွဲသွားတာပေါ့နော်။ သူတို့က ပေးမပြန်ဘူး။ ရုံးခန်းအရှေ့မှာရှိတဲ့ လူနာတွေထားတဲ့ အဆောင်ထဲမှာ သော့ခတ်ထားတာပေါ့နော်” ဟု အလုပ်ကြပ် ကိုနိုင်က ဆိုသည်။
လုံခြံုရေးတဦးကို ည ၁၁ နာရီခန့်တွင် အလုပ်သမားများ ဖမ်းဆီးခဲ့ပုံကို အလုပ်သမားတဦးကလည်း “ကျနော်တို့ လူကြီးတွေကို ပြောတယ်၊ ဖြေရှင်းပေးဖို့။ သူတို့က မဖြေရှင်းပေးဘူး။ ဖင်လှည့်ခေါင်းလှည့် လုပ်နေတယ်။ ယမ်းတွေကလည်း သေနတ်ကို ကျည်ဖြည့်နေတာ တွေ့ရတယ်။ နောက်ကျတော့ လူကြီး (မြန်မာအလုပ်ကြပ်များ) တွေလည်း ထွက်ပြေးသွားတယ်။ ယမ်း ၃ ယောက်လည်း ထွက်ပြေးသွားတယ်။ ဒါပေမဲ့ တယောက်ကို ကျနော်တို့ မိလိုက်တယ်” ဟု ဆိုသည်။
စက်ရုံ အဝင်အထွက် ဂိတ်ဝနှစ်ခုအနက် တခု၌ ရဲများနှင့် ကျန်တခု၌ လုံခြံုရေးများက တညလုံး နေရာယူ ပိတ်ဆို့ထားခဲ့သလို၊ စက်ရုံကျောဘက် တောင်ကုန်းပေါ်၌လည်း ရဲများ စောင့်ကြပ်နေခဲ့သည်။ ထို့ကြောင့် အလုပ်သမားများက စက်ရုံပိုင်ရှင်သူဋ္ဌေးမှ ဝင်ရောက်ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။
ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် သူဋ္ဌေး၏ တူတော်သူ ခွန်ပါးဆိုသူ စက်ရုံထဲရှိနေပြီး ဝင်ရောက်ဖျန်ဖျေမှုများ ပြုလုပ်ပေးခဲ့သေးသည်။
အလုပ်သမားတဦးက “ဒီမနက် သူဋ္ဌေးလာတယ်။ ကျနော်တို့ဖမ်းထားတဲ့ ယမ်းကို ပြန်လွှတ်ပေးလိုက်တယ်။ ဖမ်းကတည်းက သူ့ကို မှဲ့တပေါက်မှ မစွန်းစေခဲ့ပါဘူး။ မနက်က တီဗီတွေကလည်း လာတယ်။မြန်မာပြည်သား တွေ ဆူပူသောင်းကျန်းတယ်ပေါ့လေ၊ အဲလိုလွှင့်တယ်” ဟု ပြောဆိုသည်။
ကိုရဲက “ကျနော်တို့ အနစ်နာခံခဲ့တာ ကြာပြီ။ အရင်ကလည်း မြန်မာပြည်သားတဦး လုံခြံုရေးတဦးရဲ့ ဆိုင်ကယ်နဲ့ အတိုက်ခံရတယ်။ လျှော်ကြေးမရဘူး။ အလုပ်သမားတွေဆီကပဲ ကျနော်တို့ဘာသာ တဘတ်ကောက်၊ ၂ ဘတ်ကောက်နဲ့ပဲ လုပ်ပေးခဲ့ရတယ်” ဟု ဆိုသည်။
လုံခြံုရေးများက အမျိုးသမီးများကို ရှာဖွေစစ်ဆေးရာတွင် မတော်တရော်များ ရှိကြောင်းပါ သူကဆက်ပြော သည်။ အဆိုပါ စက်ရုံတွင် မြန်မာအမျိုးသမီး အနည်းဆုံး ၂၅ဝဝ ခန့် လုပ်ကိုင်နေသည်။
လုံခြံုရေးများက ထိုသို့ကျင့်ဝတ်ဖောက်ဖျက်ကာ ရိုက်နှက်မှုမျိုး မပြုလုပ်ရန်၊ ကျန်းမာရေးနှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာ ရမှုများရှိပါက တာဝန်ယူမှုများ ရှိစေရန်၊ အမျိုးသမီးများအပေါ် လိင်ကိစ္စနှင့်ပတ်သက်၍ မတော်တရော် မပြုလုပ်ရန်တို့ကို အလုပ်သမားများက သူဋ္ဌေးကို တောင်းဆိုခဲ့ကြသည်။
ကြာသပတေး နေ့လည်တွင် အပျက်အစီးများအား တာဝန်ရှိသူများက ရှင်းလင်းခဲ့ပြီး၊ စက်ရုံပိုင်ရှင်က ကိုမင်းမင်းကို လျှော်ကြေးငွေ ဘတ် ၂ သောင်းပေးကာ ပြဿနာပြေလည်ရေးအတွက် လုံခြံုရေးများကို အလုပ်ထုတ်မည် ဖြစ်သည်။ တောင်းဆိုချက်များကို ပြေလည်အောင် ဆောင်ရွက်ပေးမည်ဟု ကတိပေးသည်။ ကြောက်လန့်သဖြင့် ဘုန်းကြီးကျောင်း တကျောင်းသို့ ယနေ့မနက် သွားရောက်တိမ်းရှောင်ခဲ့သူ အမျိုးသမီးများကိုပါ စက်ရုံက ပြန်ခေါ်ပေးခဲ့သည်။
“သူဋ္ဌေးက ဒီကိစ္စနဲ့ ပတ်သက်လို့ အကုန်လုံး တာဝန်ယူပါတယ်။ အရင်လို ပြန်နေပေးကြပါ၊ အလုပ်ကိုလည်း ကြိုးစားလုပ်ကြပါလို့ ပြောတယ်။ ကျနော်တို့လည်း သဘောတူပါတယ်” ဟု ကိုရဲက ဆိုသည်။
အဆိုပါ စက်ရုံသည် Golden Line Business Co (GLB) ကုမ္ပဏီ၏ စက်ရုံများဖြစ်ပြီး၊ ၉၉ နှင့် ၈၈ ဟူသည့် စက်ရုံ ၂ ရုံ ရှိသည်။ တရုံမှာ ကြက်သားနှင့် နောက်တရုံမှာ ကြက်အသားလုံး ပြုလုပ်သည်။ အလုပ်သမားပေါင်း ၆ဝဝဝ ခန့် ရှိပြီး၊ ထိုင်းအလုပ်သမား ၁,ဝဝဝ ကျော်ခန့်နှင့် မြန်မာအလုပ်သမား ၅,ဝဝဝ ခန့် ရှိကာ အများစုမှာ အမျိုးသမီးများ ဖြစ်သည်။