ချင်းမိုင် (မဇ္စျိမ) ။ ။ သမ္မတ ဦးသိန်းစိန်အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးဆိုင်ရာ အကြံပေးအဖွဲ့ ၃ ဖွဲ့ကို ပုဂ္ဂိုလ် ၉ ဦးဖြင့် ဖွဲ့စည်း လိုက်ပြီဟု ၎င်းအဖွဲ့များတွင် ဦးဆောင်နေသူများက ပြောသည်။
နိုင်ငံရေး အကြံပေးအဖွဲ့တွင် ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်၊ ဦးရဲတင့်၊ စီးပွားရေးတွင် ဒေါက်တာ ဦးမြင့်၊ ဦးဆက်အောင်၊ ဒေါက်တာတင်လှဗိုလ်၊ ဥပဒေအဖွဲ့တွင် ရဲမှူးကြီး စစ်အေး (အငြိမ်းစား)၊ ဒေါ်ခင်မျိုးမြင့်နှင့် ဦးသန်းကျော်တို့ဖြင့် ယခုလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
“ဒီရက်ပိုင်းအတွင်းမှာပဲ ခန့်လိုက်တာပါ။ ဥပဒေထဲမှာ ပါတဲ့အတိုင်း အကြံပေးဖို့ပါပဲ” ဟု နိုင်ငံရေး အကြံပေးအဖွဲ့ ဦးဆောင်သူ ဦးကိုကိုလှိုင်က မဇ္စျိမကို ပြောသည်။
ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း နိုင်ငံတော် သမ္မတက အကြံပေးအဖွဲ့များကို ဖွဲ့စည်းခြင်း ဖြစ်သည်။ ဖွဲ့စည်းသည့် နေ့မှာပင် အမိန့်ကြေညာစာထုတ်ပြန်ခဲ့သော်လည်းအစိုးရပိုင်သတင်းစာ များ ၌ ယနေ့ထိ ဖော်ပြခြင်း မရှိသေးပေ။
ပြီးခဲ့သည့် မတ်လ ၆ ရက်တွင် သမ္မတ ဦးသိန်းစိန်က အကြံပေးအရာရှိ တာဝန်ပေးရန် ၎င်းကို နေပြည်တော်၌ ခေါ်ယူဆွေးနွေးပြီးနောက် တာဝန်ပေးကြောင်း စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်က မဇ္စျိမကို ပြောသည်။
“ဆရာက သမ္ပတကြီးနဲ့ တွေ့တယ်။ တယောက်ထဲ တွေ့ပြီးပြီ၊ ကြာလှပြီ။ ဆွေးနွေးတာကတော့ ဆရာ့ကို စီးပွားရေး အတိုင်ပင်ခံ အရာရှိအနေနဲ့ ခန့်တာ။ ခန့်ချင်လို့ ခေါ်တွေ့တာ။ လက်ခံလိုက်ပြီ။ တရားဝင်ထုတ်ပြန် လိုက်ပြီ” ဟု သူက ဆိုသည်။
ဧပြီလ ၂၉ ရက်တွင် သမ္မတသည် ၎င်းတို့ ၉ ဦးနှင့် တွေ့ဆုံရန် ရှိကြောင်း သတင်းများ ထွက်ပေါ်သော်လည်း သမ္မတနှင့် တွေ့ဆုံရန် မဟုတ်ဘဲ စီးပွားရေးနှင့် ပတ်သက်၍ တွေ့ဆုံရမည် ဖြစ်နိုင်ကြောင်း သူက ခန့်မှန်းသည်။
ဦးမြင့်သည် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ နိုင်ငံရေးရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင်၊ အာရှနှင့် ပစိဖိတ်ဒေသရုံးတွင် ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံများ၏ သုတေသနနှင့် ဖွံ့ဖြိုးရေး မူဝါဒများ လေ့လာဆန်းစစ်ရေး ဌာနခွဲမှူး၊ အထက်တန်း စီးပွားရေး ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။