ချင်းမိုင် (မဇ္စျိမ) ။ ။ ရန်ကုန် စျေးဆိုင်များတွင် အသုံးတွင်ကျယ်သည့် ကြွပ်ကြွပ်အိတ်နှင့်ပလပ် စတစ်ကြိုး ရောင်းချခြင်း မပြုလုပ်ရန်ရန်ကုန်မြို့ တော် စည်ပင်သာယာကထုတ်ပြန်တားမြစ်လိုက် သည်။
တိုင်းအတွင်း မြို့နယ်များရှိ စျေးများ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင် ကြွပ်ကြွပ်အိတ်နှင့်ပလတ်စတစ်ကြိုး များ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ထုတ်လုပ်ခြင်းများ ပြုလုပ်ပါက ဧပြီလ ၂၂ ရက်နေ့မှစ၍အရေးယူသွားမည် ဟု အသိပေးထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးများမှတဆင့် ဧပြီလ၂၁ ရက်နေတွင် အကြောင်းကြားစာ ပေးပို့ခဲ့ပြီး၊ မလိုက်နာပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပေးထားသော လုပ်ငန်းလိုင်စင်ကိုပါ ပိတ်သိမ်းမည်ဟု စျေးဆိုင်များသို့ ပေးပို့ခဲ့သည့် အကြောင်းကြားစာ၌ ပါရှိသည်။
“ရောင်းချခြင်းမပြုဖို့ ၂၁ ရက်နေ့ကတည်းက ကျနော်တို့ အကြောင်းကြားထားပြီး ဖြစ်ပါတယ်။လက်ကျန်ရှိ တာတော့ ကျနော်တို့အနေနဲ့ ကြည့်နေတဲ့ သဘောပါပဲ။ ဆင်းစစ်မယ်၊ ဘယ်နေ့ဆင်းဖြစ်မလဲ ဆိုတာတော့ မသိသေးဘူး” ဟု ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်က မဇ္စျိမကို ပြောသည်။
တိုင်းအတွင်းရှိ ကြွပ်ကြွပ်အိတ်မျိုးစုံနှင့် ပလက်စတစ်ကြိုး ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း ၂၁ ရက်နေ့ နောက်ဆုံးထားကာ၊ ထုတ်လုပ်ခွင့် ပိတ်သိမ်းရန် သက်ဆိုင်ရာ မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူး ရုံးများက အကြောင်းကြားစာ ပို့ခဲ့သည်။ မလိုက်နာပါက လုပ်ငန်းလိုင်စင် ပယ်ဖျက်ကာ၊ စည်ပင်ဥပဒေလုပ်ထုံးလုပ်နည်း များနှင့် အရေးယူမည်ဟု ဆိုထားသည်။
ပလပ်စတစ် ကြွပ်ကြွပ်အိတ်များအား တနိုင်ငံလုံးသို့ ဖြန်းဖြူးထုတ်လုပ်နေသည့် ရန်ကုန်အခြေစိုက် Olympic Plastic စက်ရုံ တာဝန်ရှိသူတဦးက “လာအကြောင်းကြားတဲ့ နေ့ကတည်းကပဲ။ ကြွပ်ကြပ်အိတ် ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းပြီး သူတို့ခွင့်ပြုထားတဲ့ ပလပ်စတစ်အိပ်ပျော့ကိုပဲ ဆက်ထုတ်နေပါတယ်။ စက်ရုံကြီးတခုလုံးပိတ်သိမ်း ပြောင်းရွှေ့တာ မဟုတ်ပါဘူး” ဟု မဇ္စျိမကို ပြောသည်။
ထို့ပြင် အရောင်းဆိုင်များသို့ ရောင်းချရန် တင်ပို့ထားသည့် ကြွပ်ကြွပ်အိတ်များကိုလည်း ကုမ္ပဏီက ပြန်သိမ်းပြီး၊ တရားဝင် ထုတ်ခွင့်ရထားသည့် ပလပ်စတစ် အိတ်ပျော့များနှင့် လဲလှည်ပေးသွားမည်ဟု ဆိုသည်။
ရန်ကုန်မြို့ သိမ်ကြီးစျေး D ရုံတွင် ကျောက်ဆူး ကြွပ်ကြွပ်အိတ်မျိုးစုံနှင့် ပလပ်စတစ်ကြိုးများ အဓိက ရောင်းချနေသည့် အရောင်းဆိုင်ကမူ ပလပ်စတစ် အိတ်ပျော့များ စျေးကွက်အတွင်း ရောင်းချရန် ရောက်မလာသေးဟု ပြောသည်။
“အသစ်လာမယ့် ပလပ်စတစ်အိတ်ပျော့တွေကလည်း အခုချိန်ထိ လာမလဲသေးတော့ လက်ကျန်လေးတွေကိုပဲ ရောင်းနေတာပါ။ ကျနော်တို့လို ကုမ္ပဏီက လာချပေးတဲ့ လူတွေကတော့ ပြဿနာမရှိဘူးပေါ့ဗျာ။ ကိုယ်တိုင် အပြတ် ဝယ်ရောင်းတဲ့ ဆိုင်လေးတွေကတော့ ထိတာပေါ့” ဟု အဆိုပါ ဆိုင်ရှင်က မဇ္စျိမကို ပြောပြသည်။
သဘာဝ ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေသော ကြွပ်ကြွပ်အိတ်များကို ကမ္ဘာတဝှန်း နိုင်ငံအများအပြား၌ သုံးစွဲမှုလျှော့ချလာသလို၊ မြန်မာနိုင်ငံ၌လည်း မသုံးစွဲမရောင်းချရန် ၂ဝဝ၉ ခုနှစ်ထဲတွင် မန္တလေးတိုင်းရှိ စျေးများတွင် ထုတ်ပြန်ခဲ့ပြီး ကြွပ်ကြွပ်အိတ် စက်ရုံများကိုပါ ပိတ်ခဲ့သည်။
ထိုစဉ်က မန္တလေးတိုင်းရှိ ပလပ်စတစ် ထုတ်လုပ်သည့် စက်ရုံများမှာ ထိခိုက်မှု ဆိုးဝါးခြင်း မရှိသလို ပြင်ပတွင် သုံးစွဲရာ၌လည်း လျော့နည်းလာသည်ကို တွေ့ရသည်ဟု မန္တလေးမြို့ပေါ်ရှိ OK Plastic စက်ရုံ မန်နေဂျာတဦးက ပြောသည်။
“စက်ရုံတွေအနေနဲ့တော့ဗျာ၊ အပိတ်ခိုင်းလိုက်တဲ့စပ်ကူးမပ်ကူးကာလတော့ နည်းနည်း အခက်တွေ့မှာပေါ့။ သိပ်ဆိုးရွားတဲ့ အခြေအနေမျိုးထိတော့ မရောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက တနှစ်လောက် ကြိုပြောထားတယ်လေ” ဟု သူက မဇ္စျိမကို ပြောပြသည်။
စက်ရုံများတွင် ထုတ်လုပ်ခွင့် ပိတ်ပင်လိုက်သော်လည်း စျေးနှုန်းချိုသာခြင်း၊ ထုပ်ပိုးသယ်ဆောင်ရလွယ်ကူခြင်း ကြောင့် ကြွပ်ကြွပ်အိတ်များကို ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများ အပါအဝင် နိုင်ငံတဝှန်း တွင်ကျယ်စွာ သုံးစွဲနေခြင်း ဖြစ်သည်။
မန္တလေးမြို့ရှိ ရတနာပုံစျေးတွင်မူ ၂ဝဝ၉ ခုနှစ် ပိတ်ပင်မှုကို မလိုက်နာဘဲ ရောင်းချခဲ့သည်ဟုဆိုကာစျေးသူ တဦးကို ပြီးခဲ့သည့်နှစ် မတ်လပိုင်းတွင် မြို့နယ်စည်ပင် တရားရုံးက စည်ပင်အက်ဥပဒေ ပုဒ်မ ၂၆ အရ ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ပေးခဲ့သေးသည်။