ဘန်ကောက် (မဇ္စျိမ)။ ။ တရားမဝင် ရွှေ့ပြောင်း လုပ်သားများအတွက် မှတ်ပုံတင်အသစ်ပြုလုပ် ခွင့်ကို မကြာခင် ဖွင့်လှစ်ပေးသွားမည်ဟု ထိုင်း အလုပ်သမား ဝန်ကြီးက ဧပြီလ ၁၉ ရက်အင်္ဂါနေ့ တွင် ပြုလုပ်သည့် အစည်းအဝေး တရပ်တွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နေးရှင်းသတင်းက ရေးသားထားသည်။
ဒုဝန်ကြီးချုပ် ဆနန် ဦးဆောင်ကာ ဝန်ကြီးဌာန ၂၂ ခုမှ တာဝန်ရှိ အရာရှိများ ပါဝင်သည့် တရားမဝင် နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးမှ သဘောတူခဲ့ပြီး၊ အစိုးရအဖွဲ့မှ နောက်ဆုံးအဆင့် အစည်းအဝေးတွင် ဝန်ကြီးချုပ်က သဘောတူလက်မှတ် ရေးထိုးမည်ဖြစ်သည်။
“ယခု ဖွင့်လှစ်ပေးမည့် မှတ်ပုံတင်အသစ် အစီအစဉ်ကို ပါဝင်ဆောင်ရွက်ရန် ပျက်ကွက်သူ မည်သူမဆို တရားဥပဒေ ချိုးဖောက်မှုဖြင့် ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ပြီး၊ လူကုန်ကူးမှုဖြင့်ပါ အပြင်းထန်ဆုံး အပြစ်ပေးသွားမည်” ဟု ထိုင်းအလုပ်သမား ဝန်ကြီးက ချလမ်ချိုင်း ဆီရီအွန်၏ ပြောစကားကို အင်္ဂါနေ့ထုတ် ထိုင်းဘာသာဖြင့် ရေးထားသားသော နေရှင်းက ကိုးကားထားသည်။
ဖေဖော်ဝါရီလကုန်တွင် ယာယီနိုင်ငံကူးလက်မှတ် လက်ဝယ် ပိုင်ဆိုင်ထားသူများမှ လွဲ၍ အလုပ်လုပ်ခွင့် လက်မှတ် (ဘဒ်) သက်တမ်း မဆက်တော့ဘဲ တရားမဝင် အလုပ်သမားများအဖြစ်သို့ ကူးပြောင်းသွားခဲ့သူများကို မစ္စတာ ချလမ်ချိုင်း ဆီရီအွန်က ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
ရွှေ့ပြောင်း အလုပ်သမားအရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ MWG မှ တာဝန်ခံတဦးက “နောက်အပတ် ပြုလုပ်မယ့် ကက်ဘိနက် အစည်းအဝေးကနေ တရားဝင်ကြေညာဖို့ များပါတယ်။ မဟုတ်ခဲ့ရင်နောက်လဆန်း ပေါ့” ဟု မဇ္စျိမကို ခန့်မှန်းပြောဆိုသည်။ ထို့အတွက် အလုပ်သမားများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်သည်ဟု ဆိုသည်။
ဝန်ကြီးအဖွဲ့ အစည်းအဝေးကို အပတ်စဉ် အင်္ဂါနေ့တိုင်း ကျင်းပလေ့ရှိသည်။
ရောင်ခြည်ဦး အလုပ်သမားများသမဂ္ဂ တာဝန်ခံ ဦးမိုးဆွေက “ဒီကိစ္စကို ကြိုဆိုပါတယ်။ ဘာ့လို့လဲဆိုတော့ အလုပ်သမားတွေက အကြောင်းအမျိုးမျိုးကြောင့် တရားမဝင် အလုပ်သမား ဖြစ်နေကြတယ်။ ဥပမာ - ပိုင်ရှင်က အလုပ်သမားကို ထိန်းချုပ်ချင်လို့ မလုပ်ပေးတာမျိုး၊ အလုပ်ထွက်တဲ့အခါ အလုပ်သမားတွေရဲ့ လက်မှတ်ကို ပိုင်ရှင်တွေက မပေးလို့ တရားမဝင် ဖြစ်သွားတာမျိုး၊ ပွဲစားနဲ့ လုပ်ရလို့ စျေးအရမ်းကြီးပြီးမလုပ်နိုင်တာတွေ ကြောင့် စသဖြင့် ဖြစ်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။
သူက ဆက်ပြီး ’’အလုပ်သမားတွေ ကိုယ်တိုင်က အလုပ်ရှင်ရဲ့ ထောက်ခံစာနဲ့တင်ပဲ လက်မှတ်လုပ်ခွင့်ကို ခွင့်ပြုခဲ့မယ်ဆိုရင် အလုပ်သမားတွေ အတွက်ရော၊ ထိုင်းအစိုးရအတွက်ပါ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ်လို့ အကြံပြုလိုပါတယ်’’ ဟု ပြောသည်။
၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလကုန် ဘတ်သက်တမ်း တိုးသောအခါ ဦးရေ ၅၄၃,၇၄၉ မှ ၂၉၅,၁၃၆ ဦးသာ သက်တမ်းဆက်ခဲ့သည်။ တချိန်တည်းတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံမှ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်၍ အလုပ်လုပ်နေသူပေါင်းမှာ ၅၅ဝ,ဝဝ၃ ဦး ဖြစ်ပြီး ထိုအထဲတွင် မြန်မာက ၃၅၂,၇၄၈ ဦး ပါဝင်ကြောင်း အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်သော စာရင်းဇယားကို ကိုးကား၍ နိုင်ငံတကာရွှေ့ပြောင်း နေထိုင်သူများရေးရာ IOM အဖွဲ့က ဧပြီလ ၁၁ ရက်နေ့တွင် သတင်းထုတ်ခဲ့သည်။
အလုပ်သမားများသည် မိမိရောက်ရှိရာ ခရိုင်များတွင် မှတ်ပုံတင်ခွင့် ရရှိမည်ဖြစ်ပြီး ကိုယ်ရေးရာဇဝင်၊ မျက်နှာပုံပန်းသဏ္ဍာန်နှင့် လက်ချောင်း ၁ဝ ချောင်း လက်ဗွေများကိုပါ ထိုင်းအစိုးရက မှတ်တမ်းတင်မည်။
ယခုဖွင့်လှစ်ပေးမည့် အလုပ်လုပ်ကိုင်ခွင့်သည် ထိုင်းနိုင်ငံတွင် ၈ ကြိမ်မြောက် ဖြစ်လာမည်ဖြစ်ပြီး၊တချိန်တည်း မှာပင် နိုင်ငံသားစိစစ်မှုပြု၍ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ကာ အလုပ်လုပ်ခွင့်ပြုသည့်အစီအစဉ်ကို လည်း ဆက်လက်ပြုလုပ်နေမည်ဖြစ်သည်။