တိုက်ပွဲများ ရပ်စဲချင်သည့် ကရင်ပါတီ

တိုက်ပွဲများ ရပ်စဲချင်သည့် ကရင်ပါတီ
by -
သဲသဲ

နယူးဒေလီ (မဇ္စျိမ)။     ။ ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကရင် လက်နက်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား အပစ်အခတ် ရပ်စဲစေလိုကြောင်း ကရင်ပြည်သူ့ပါတီက ပြောသည်။

“ဒေသမှာ လိုအပ်နေတဲ့ လမ်းတွေ၊ ကျောင်းတွေ ဆောက်တယ်။ တောကလူတွေနဲ့ တိုက်ပွဲဖြစ်၊ မီးရှို့၊ ဒါတွေဖြစ်နေရင် ဘယ်လိုတိုးတက်မလဲ။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုက ဆက်နွယ်နေတာဆိုတော့တယောက်နဲ့ တယောက် အပြန်အလှန် နားလည်မှုရှိအောင် လုပ်ရမယ်” ဟု ကရင်ပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစောစေးဝါးက မဇ္စျိမကို ပြောသည်။

ပြည်နယ် အစိုးရ အနေဖြင့် အပစ်ရပ်ရေးကို ဦးစားပေး လုပ်ငန်းအဖြစ် လုပ်ကိုင်စေလိုသော်လည်း ချက်ချင်း လက်ငင်း ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ဟုလည်း သူက ဆိုသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်အတွက် တိုက်ပွဲဝင်သည့် ကရင်အမျိုးသားအစည်းအရုံး KNU၊ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA နှင့် နေပြည်တော် တပ်များအကြား ပြည်နယ်အတွင်း မကြာခဏ ဆိုသလို တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

ကရင်ပြည်နယ်အစိုးရ ဝန်ကြီးဌာန ၉ နေရာတွင် ကရင်ပြည်သူ့ပါတီမှ တဦး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ၂ ဦး၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တဦး အသီးသီး ပါဝင်သည်။ ကျန်နေရာများမှာ စစ်တပ်ကိုယ်စားလှယ်နှင့် ကြံ့ခိုင်ရေးပါတီမှ ဖြစ်ကြသည်။

ကရင်ပြည်သူ့ပါတီမှ  သံတောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဦးစောခရစ္စတိုဖာက လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဖြစ်သည်။

ဝန်ကြီးချုပ်မှာမူ အခြားပြည်နယ်များနှင့်မတူ တမူထူးခြားစွာပင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဇော်မင်း (ဥက္ကဋ္ဌဟောင်း၊ ကရင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွ့ံဖြိုးရေးကောင်စီ) ဖြစ်သည်။

“ဝန်ကြီးချုပ်နေရာမှာ ကိုယ့်ပါတီက မရတောင် တခြားပါတီက ကိုယ့်အမျိုးသား တယောက်ယောက်ရရင် ပိုအားရှိတာပေါ့။ အဲလိုမဖြစ်လာတာ ကျနော်တို့တွေ ညံ့လို့ပါ” ဟု ဦးစောစေးဝါးက ပြောသည်။

ကရင်အမျိုးသားလက္ခဏာ တရပ်ဖြစ်သည့် ကရင်စာပေ သင်ကြားနိုင်ရေးမှ စတင်ကာ ပြုပြင်ပြောင်းလဲရေးကို တဆင့်ချင်း လုပ်ဆောင်နိုင်လိမ့်မည်ဟုလည်း ကရင်ပြည်သူ့ပါတီက မျှော်လင့်ထားသည်။

ပြည်နယ်လွှတ်တော်၌ အမတ်နေရာ ၂၃ နေရာအနက် တပ်မတော်သားကိုယ်စားလှယ် ၆ ဦးနှင့် ရွေးကောက်ခံ အမတ် ၁၇ ဦး ဖြစ်သည်။ ထိုအထဲတွင် ကရင်အမျိုးသားများ၊ စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ကရင်ပြည်သူ့ပါတီမှ ၂ ဦး ပါဝင်သည်။

ဝန်ကြီးများ စာရင်း
၁။ ဗိုလ်မှူးကြီးအောင်လွင် (တပ်မတော်သား ကိုယ်စားလှယ်)        လုံခြံုရေးနှင့် နယ်စပ်ရေးရာ
၂။ ဦးသံဒိုင် (ကြံ့ဖွံ့)                                                           စက်မှုနှင့်ဆက်သွယ်ရေး
၃။ ဦးစောဆာလောလ (ကြံ့ဖွံ့)                                              သတ္တု
၄။ ဦးစောဝင်းထိန် (ကြံ့ဖွံ့)                                                   စိုက်ပျိုးရေးနှင့်မွေးမြူရေး
၅။ ဦးစောခရစ္စတိုဖာ (ကရင်ပြည်သူ့)                                      လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး
၆။ ဦးမင်းစိုးသိန်း(ခ)နိုင်မင်းစိုးသိန်း (မွန်ဒေသလုံး)                    စွမ်းအင်
၇။ ဦးချစ်လှိုင် (ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး)   စီးပွားရေး
၈။ ဦးစောကြည်လင်း (ဖလုံ-စဝေါ်)                                        သစ်တော
၉။ ဦးစောခင်မောင်မြင့် (ဖလုံ-စဝေါ်)                                      ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး

Most read this week