သံချပ်မထိုးရန် အစိုးရသစ် တားမြစ်

သံချပ်မထိုးရန် အစိုးရသစ် တားမြစ်
by -
ထွန်းထွန်း

နယူးဒေလီ ။     ။ သမ္မတ ဦးသိန်းစိန်အစိုးရ သစ်က သင်္ကြန်ပွဲတော် ရက်များအတွင်း ရိုးရာ အစဉ်အလာ တခုဖြစ်သော သံချပ်ထိုးခြင်းမပြု လုပ်ရန် တနင်္လာနေ့ ထုတ် မြန်မာ့အလင်းသတင်း စာမှတဆင့် ပွဲဦးထွက် တားမြစ်လိုက်သည်။

thein-seinရရက်ပိုင်းမျှသာ သက်တမ်းရသေးသောအစိုးရသစ် ၏ ပွဲဦးထွက်တားမြစ်ချက်တခုဖြစ်သည့်ယဉ်ကျေး မှု ဝန်ကြီးဌာန ထုတ်ပြန်နှိုးဆော်ချက်တွင်“တပါး သူ၏ ဂုဏ်သိက္ခာပျက်ပြားထိခိုက်စေရန် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေပြောဆို ခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှား ဆောင်ရွက်ခြင်း စသည့် အပြုအမူများ”မပြုလုပ် ကြရန် ဧပြီလ ၉  ရက်နေ့ထုတ်အစိုးရအာဘော် သတင်းစာတွင် ဖော်ပြပါရှိသည်။

မဟာသင်္ကြန်ကာလအတွင်း ထိုသို့ သံချပ်ထိုးခြင်း၊ သီဆိုခြင်း ပိတ်ပင်ခြင်းသည် တိုင်းပြည်၏ ပါးစပ်၊ နားနှင့် နှလုံးသားကို ပိတ်ပင်လိုက်ခြင်းနှင့် တူညီကြောင်း ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်သည်။

“ဒါတွေက နေ့တိုင်းဆိုနေကျ၊ နေ့တိုင်းပြောနေကြတဲ့ကိစ္စ မဟုတ်ဘူး။ တနှစ်မှာ တခါပဲ ပြောတာ။ တနှစ်မှာ တခါပြောတဲ့ဟာကို ပိတ်ထားတယ်ဆိုလို့ရှိရင် ဒီသင်္ကြန်သံချပ်ဆိုတာက သီတင်းကျွတ်မှာလည်း သွားထိုးလို့ မရဘူးဗျာ။ ဝါဆိုလပြည့်နေ့ သွားထိုးစရာလည်း မလိုဘူးပေါ့ဗျာ။ သင်္ကြန်သံချပ်ကို သင်္ကြန်ကာလမှာ ပိတ်လိုက်တယ်ဆိုတာဟာ တိုင်းပြည်ရဲ့ ပါးစပ်၊ တိုင်းပြည်ရဲ့ နား၊ ဒါတင်မကဘူး တိုင်းပြည်ရဲ့နှလုံးသားကိုပါ ပိတ်တယ်လို့ ကျနော် အဲဒီလိုပဲ ပြောလို့ရတာပေါ့ဗျာ” ဟု ဦးဝင်းတင်က ပြောသည်။

ယခင် သီးလေးသီးအငြိမ့်အဖွဲ့မှ လူရွှင်တော် ဂေါ်ဇီလာကလည်း “သံချပ်ဆိုတာက လူတွေရဲ့ ရင်ထဲမှာရှိတဲ့ ခံစားချက်တွေ ဟစ်တိုင်ပဲဗျ။ ဒါ ဖော်ထုတ်ကြတာ။ ဖော်ထုတ်ကြတယ်ဆိုတာက သူတို့ရင်ထဲမှာ နာကျဉ်းမှုက များလေ သံချပ်တွေက ကောင်းလေပဲလေ။ ဆိုတော့ ပိုပြီးတော့ ထိရောက်တယ်ပေါ့နော်။ ပြတ်လုံးတွေထက် စာရင်လည်း သူက ပိုပြီးတော့ ထိရောက်တယ်ဗျ။ အဲဒီလို ထိရောက်တဲ့အခါကျတော့ ဒီလူရွှင်တော်ပြတ်လုံး တောင်မှ သူတို့က အထိမခံဘူးလေ။ နည်းနည်းလေး ရိပ်ဖမ်းသံဖမ်း ပြောတာတောင်အထိအခံတဲ့အခါ ကျတော့ သံချပ်ကျတော့ ဒဲ့ဖြစ်တာကိုး။ ဒဲ့တော့ ပိုအပြောမခံဘူး” ဟု မဇ္စျိမကို ပြောသည်။

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်များတွင် ရှေးယခင်ကတည်းက သင်္ကြန်ရောက်တိုင်း သံချပ်ထိုးလေ့ရှိပြီး အပြုသဘောဆောင်သည့် ဝေဖန်ထောက်ပြချက်များကို ရေးသား၊ သီဆိုခဲ့သည့် အစဉ်အလာအဖြစ် မြန်မာများက လက်ခံခဲ့ကြသည်။

သံချပ်ဆိုသည်မှာ “အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းတို့တွင် အတိုင်၊ အဖောက် သီဆိုလေ့ရှိသော သံပေါက်ဆန်ဆန် သီချင်းမျိုး ဖြစ်သည်။ သံချပ်ထိုးခြင်းဆိုသည်မှာ အကြောင်းအရာ တရပ်ရပ်ကို သံချပ်စပ်၍ သီဆိုခြင်းနှင့် သံချပ်ဖြင့် ထုတ်ဖော်ပြက်ရယ်ပြုခြင်း” ဟူ၍ ၁၉၈ဝ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့သည့် မြန်မာအဘိဓာန် အကျဉ်းချုပ်၌ ဖော်ပြထားသည်။

“မြန်မာ့လူ့ဘောင်က လုပ်လာခဲ့တာ နှစ်ပေါင်းမြောက်မြားစွာ ရှိပြီ။ ဂျပန့်ခေတ်မှာလည်း ဒီလိုသံချပ်တွေ ပေါ်ခဲ့တာပဲ။ အင်္ဂလိပ်ခေတ်မှာလည်း ဒီလိုသံချပ်တွေ ပေါ်ခဲ့တာပဲ။ အင်္ဂလိပ်ခေတ်ကိုလည်း မြန်မာတွေက ဆော်တာပဲ။ ဖက်ဆစ်ဆိုတဲ့ ဂျပန်တွေကိုလည်း မြန်မာတွေက ဝေဖန် ပြစ်တင် ထိုးနှက်တာပဲ။ နောက် မြန်မာအစိုးရဆိုတဲ့ ဒီမိုကရေစီအစိုးရတွေ၊ ဆိုရှယ်လစ်အစိုးရတွေလည်း ဒီလိုပဲ ထိုးနှက်ကြတာပဲဗျ။ ဒီခေတ်ကျမှ ပိတ်ခံရတယ်ဆိုတာကတော့ ဒါ တော်တော် လွန်တဲ့ဟာ” ဟု ဦးဝင်းတင်က ပြောဆိုသည်။

သံချပ်ထိုးခြင်းကို ပိတ်ပင်ခြင်းသည် ရိုးရာယဉ်ကျေးမှုကို ဖောက်ဖျက်ရာကျပြီး အစိုးရက ပြောဆိုနေသည့် ရိုးရာယဉ်ကျေးမှုထိန်းသိမ်းခြင်းဆိုသည့် အရာနှင့် လွဲချော်နေကြောင်း ဝေဖန်မှုများလည်း ရှိသည်။

“ရိုးရာယဉ်ကျေးမှုကိုလည်း ပိတ်သလိုဘဲပေါ့နော်။ ကျနော်တို့ အနုပညာသမားတွေအနေနဲ့ အဲဒီလို ခံစားရတယ်။ ဒီ သင်္ကြန်နဲ့ သံချပ်ဆိုတာ တကယ်တမ်းပြောရင် လင်နဲ့ မယားပဲ။ ဒီလို ရိုးရာယဉ်ကျေးမှုကို သူတို့က တကယ်တမ်းပြော ရရင် ဒီအစိုးရက ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်း မရှိဘူး။ သူတို့ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုက သတင်းစာတို့ ပါးစပ်ထဲတို့မှာပဲ ရှိတယ်” ဟု ကိုဂေါ်ဇီလာက မဇ္စျိမကို ပြောသည်။

ဦးဝင်းတင်ကမူ နိုင်ငံရေး၊ စီးပွားရေးနှင့် အစိုးရအဖွဲ့အတွင်း အကျင့်ပျက် ခြစားမှုများကို ဖော်ထုတ်မည်ကို စိုးရိမ်သောကြောင့်ဟု သုံးသပ်သည်။

“နိုင်ငံရေး ပတ်သက်ကောင်း ပတ်သက်မယ်ပေါ့ဗျာ။ ဒါ သူတို့ရဲဲ့ စီးပွားရေးပတ်သက်တာ ဖြစ်မယ်ဗျာ။ သူတို့ရဲ့ အုပ်ချုုပ်ရေးနဲ့ ပတ်သက်တာ ဖြစ်မယ်ဗျာ။ ဒါမှမဟုတ်လည်း သူတို့ရဲ့ အသိုင်းအဝိုင်းတခုလုံးက အကျင့်ပျက် ခြစား၊ သူခိုး သဘက်တွေလို ဖြစ်နေတဲ့၊ ဓားပြတွေလို ဖြစ်နေတဲ့အခါမှာ လူတွေကြားထဲမှာ နေ့တိုင်း၊ အချိန်တိုင်း မပြောတတ်ပေမယ့်လို့၊ ပြောဖို့လမ်းတွေ မရှိတဲ့အခါမှာ သင်္ကြန်လို ကာလမျိုးမှာ လူတိုင်းက သူ့ပါးစပ်နဲ့ကို တခါတည်း အော်ပြီးတော့ ဒီသံချပ်တွေဘာတွေနဲ့ ပြောတဲ့အခါ၊ အဲဒီလိုပြောခြင်း ဟာ သူတို့အဖို့ကတော့ ဘယ်လိုမှ သည်းညည်းမခံနိုင်တော့ဘူး။ အဲဒါကြောင့် သူတို့က ဒါတွေကို ပိတ်တယ်၊ ဆို့တယ်” ဟု သူက ဆိုသည်။

ဦးသိန်းစိန်၏ သမ္မတသစ် မိန့်ခွန်းတွင် “စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်း မီဒီယာများနှင့် ပတ်သက်၍ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ခေတ်နဲ့မလျော်ညီတဲ့ စာပေ၊ စာနယ်ဇင်းဆိုင်ရာ ဥပဒေအချို့ကို ပြင်ဆင်ပြဋ္ဌာန်းခြင်း” များ ပြုလုပ်သွားရန် ထည့်သွင်းပြောဆိုခဲ့သေးသည်။

Most read this week