နယူးဒေလီ (မဇ္စျိမ) ။ ။မြန်မာ့ရိုးရာသင်္ကြန်ပွဲ တော် အထိမ်းအမှတ်အဖြစ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် အဖွဲ့ဝင် ၅ ဦးကို အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် က ရဟန်းခံ မင်္ဂလာ ပြုလုပ် ပေးခဲ့ကြောင်း သိရသည်။
တနင်္ဂနွေနေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ် ရွှေတောင်ကုန်းရပ်ကွက် ပဏ္ဍိတာရာမ ကျောင်းတိုက်တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးတင်ဦးတို့က ဦးဆောင်၍ သံဃာတော်များကို ယနေ့ မနက် ၉နာရီက သိမ်ဆင်းလောင်းခြင်း၊ ဆွမ်းကျွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က ရဟန်းအမလုပ်ပြီးတော့ ၅ ပါး၊ ကျန်တဲ့ အလှူရှင်တွေက ၃၅ ပါး ပေါင်းပြီးတော့ သံဃာအပါး ၄၀ ရဟန်းခံပေးခဲ့ပါတယ်။ သိမ်တက် တရားနာပြီးတော့ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးနဲ့အဖွဲ့ချုပ် ၀င်တွေ၊ တခြား ရဟန်းဒကာ ဒကာမတွေနဲ့ ဆွေမျိုးသားချင်းတွေက သိမ်ဆင်းလောင်းခဲ့တယ်” ဟု ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။
အဖွဲ့ချုပ်ဝင် လူငယ်များအနက်မှ ၅ ဦးကို ဒုလ္လဘမဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ကိုသီဟန်၊ ကိုငြိမ်းမောင် ၊ ကိုသက်အောင်၊ ကိုသက်မင်းသိန်း ၊ ကိုငြိမ်းချမ်းသူတို့ မဲပေါက်ကာ ရဟန်းပြုခွင့် ရခဲ့ကြောင်း သိရသည်။
၂၀၁၀ ခုနှစ် နို၀င်ဘာ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း(Kim Airs) သင်္ကြန်ကာလအတွင်း ဒုတိယအကြိမ် လာရောက်ပြီး ရဟန်းခံရန် စီစဉ်ထားသော်လည်း ရောက်ရှိမလာသေးကြောင်း ဦးအုန်းကြိုင်က ပြောသည်။