ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနယ်စပ်မှတဆင့် မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့သော ကနေဒါ နိုင်ငံသား ရွန်ဇာရက်စ်ကီ Ron Zakereski ကို မြဝတီခရိုင်တရားရုံးတွင် ကြားနာမှုအမြန်ပြုလုပ် မည်ဟု တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
အသက် ၆၂ နှစ် အရွယ် မစ္စတာ ရွန် ဇာရက်စ်ကီကို လူဝင်မှုကြီးကြပ်ရေးက တရားလိုလုပ်ပြီး၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် တိုင်တန်းထားသဖြင့် တရားရုံးက ဧပြီလ ၆ ရက်နေ့နှင့် ရ ရက်နေ့များက ဆက်တိုက် စစ်ဆေးမေးမြန်းခဲ့သည်။
“အမြန်စစ်ပြီး အမိန့်ချမယ်လို့လည်း ပြောတယ်” ဟု တရားရုံး သတင်းရပ်ကွက်က ပြောရင်း ရွန်ဘက်က ရှေ့နေငှားရမ်းခြင်း မရှိကြောင်းပါ ဖြည့်စွက် ပြောကြားသွားသည်။
သောကြာနေ့ ညနေဘက်မှာပင် အမိန့်ချနိုင်သည်ဟု သူက ခန့်မှန်းသော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် ရယူနိင်ခြင်း မရှိသေးပါ။
ရွန်ကို တွေ့ရှိရချိန်တွင် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ရဲများက နှိပ်စက်မေးမြန်းထားဟန်ကိုလည်း မတွေ့ရကြောင်း ဗုဒ္ဓဟူးနေ့တွင် မျက်မြင်တွေ့ရှိခဲ့သူတဦးက မဇ္ဈိမကို ပြောသည်။
ဓာတ်ပုံသတင်းထောက်ရွန်က တရားရုံးတွင် သူ့အနေဖြင့် မြန်မာနိုင်ငံ နယ်နိမိတ်မှန်းမသိဘဲ ထိုင်းနိုင်ငံဟုသာ ထင်နေခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သူက ဆိုသည်။
ရဲဘက်က ရွန်သည် ခေါင်းမာစွာဖြင့် ဖုံးကွယ်ထားခြင်းဖြစ်သည်ဟု စွပ်စွဲပြောကြားကြောင်း မြဝတီ တရားရုံး အသိုင်းအဝိုင်းတွင် ပြောဆိုနေကြသည်။
နိုင်ငံခြားသားဖြစ်၍ အမှုကို သတိထားကိုင်တွယ်နေပြီး၊ နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးထံအစီရင်ခံစာတင် ပြီးမှ စစ်ဆေးမေးမြန်းမှုများကို ဆက်တိုက်လုပ်ဆောင်သည်ဟုလည်း သိရသည်။
ရွန်သည် မတ်လ ၂၄ ရက်နေ့ မနက်တွင် မဲဆောက်တောင်ဘက် ဖုတ်ဖရာ့မြို့နယ်မှ သောင်းရင်းမြစ်ကို ကူးဖြတ်ကာ မြန်မာနိုင်ငံ ဝေါလေဒေသသို့ ကူးလာပြီး ဓာတ်ပုံရိုက်နေစဉ် ရဲက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံရိုက်သည့် နေရာမှာ မတ်လ ၂၃ ရက်၊ ည ၁၂ နာရီခန့်တွင် DKBA နှင့် နယ်မြေခံ ခြေမြန်တပ်ရင်း ခမရ ၃၅၆ တိုက်ပွဲဖြစ်ခဲ့သည့် နေရာဖြစ်သည်။ ရွန်ဘက်မှ အကျိုးဆောင်မည့်သူ ယခုထိ ဆက်သွယ်လာမှု မရှိသေးကြောင်း သိရသည်။
ဝေါလေရွာ စစ်တပ် နည်းဗျူဟာ ၁ စကခ ၅ တပ်အနီးရှိ ခီးညာလီး ရဲစခန်းတွင် ရ ရက်အကြာ ထိန်းသိမ်းခဲ့ရာမှ မက်လ ၃၁ ရက်နေ့ ကြာသပတေးနေ့တွင် မြဝတီခရိုင် တရားရုံးသို့ လဝက အဖွဲ့များက လာပို့ကာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ ဖြင့် တရားစွဲဆိုခြင်း ဖြစ်သည်။
မစ္စတာ ရွန် အဖမ်းမခံရခင်က မြဝတီတဖက်ကမ်း မဲဆောက်မြို့ Green Guest house ဧည့်ရိပ်သာတွင် တည်းခိုပြီး ဝေါ်လေ၌ အဖမ်းခံရပြီး ၂၆-၂၇ ရက်နေ့များတွင် ဧည့်ရိပ်သာ၌ ကျန်ရှိနေခဲ့သူ တည်းခိုဖော် သူငယ်ချင်းများထံ ဖုန်းဆက်ခဲ့သေးကြောင်း သူ၏ သူငယ်ချင်းများထံမှ သိရသည်။