သင်္ကြန်အပြီး လမ်းပြန်ခင်းမည်ဟု ကြံ့ခိုင်ရေး ပြော

သင်္ကြန်အပြီး လမ်းပြန်ခင်းမည်ဟု ကြံ့ခိုင်ရေး ပြော
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။     ။ ရွေးကောက်ပွဲမတိုင် ခင်က လမ်းခင်းပေးခဲ့သော်လည်းတိုးလို့တန်း လန်းဖြစ်နေခဲ့သော လုပ်ငန်းများကိုသင်္ကြန် အပြီး ဆက်လက်လုပ်ဆောင်မည်ဟုရန်ကုန် တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးသာဝင်းက ပြောသည်။

အာဏာရပါတီ၏ ခေါင်းဆောင်များက ဇန်နဝါရီလ ၃၁ ရက်နေ့မှ မက်လ ၃ဝ ထိ နေပြည်တော်တွင် ပြုလုပ်သော လွှတ်တော် အစည်းအဝေးတွင် တက်ရောက်နေသဖြင့် လမ်းများကို ပြုလုပ်ပေးရန်လစ်ဟင်း ခဲ့သြည်ဟု ဦးသာဝင်းက ကာကွယ်ပြောဆိုပြီး ရန်ကုန်တိုင်းအတွင်း အနည်းဆုံး ၁၃ မြို့နယ်တွင်လမ်းများပြီး စီးအောင် ခင်းပေးရန် ကျန်ရှိနေသည်ဟု ဆိုသည်။

“တချို့နေရာတွေ နည်းနည်း နည်းနည်းနဲ့ အရှေ့ပိုင်းခရိုင်က ဟာတွေ ကျန်နေတာ ရှိတယ်။ အကုန်လုံး ပြီးဆုံးအောင် ကျနော်တို့ ခင်းမှာပါ။ ကျနော်တို့တွေက လွှတ်တော်တက်နေတာတွေကြောင့်ရယ်၊ပြန်ရောက် တော့လည်း ပါတီလုပ်ငန်း တာဝန်ကိစ္စတွေ ဘာတွေနဲ့ ဆက်နေလို့ပါ။ ဒီသင်္ကြန်ပြီးရင် ဆက်လုပ်ကြမှာပါ” ဟု ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လည်းဖြစ်သူ ဦးသာဝင်းက မဇ္စျိမကို ပြောသည်။
 
သာကေတ၊ ဗိုလ်တထောင်၊ ဒေါပုံ၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒဂုံ-မြောက်၊ ဒဂုံ-တောင်၊ ဒဂုံ-အရှေ့၊ ဒဂုံ-ဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ မြို့များတွင် ကြံ့ခိုင်ရေးက ခင်းပေးသော လမ်းအများစုမှာ ထက်ဝက်သာ ပြီးစီးခဲ့သည်ကို တွေ့ရသည်။
 
ထို့အတူ ရွေးကောက်ပွဲနီး ကာလများတွင် ပါတီဝတ်စုံများ ဝတ်ဆင်၍ လမ်းခင်းခြင်း၊ တံတားဆောက်ခြင်း၊ ဆေးရုံနှင့် လူမှုရေး လုပ်ငန်းများတွင် ကူညီလုပ်ဆောင်ခဲ့သည့် ကြံ့ဖွ့ံပါတီဝင်များသည် ၂ဝ၁ဝ နိုင်ဝင်ဘာလ ရ ရက် ရွေးကောက်ပွဲ နောက်ပိုင်းတွင် အဆိုပါ လုပ်ဆောင်နေခြင်းများ မတွေ့ရတော့ကြောင်း ရန်ကုန်မြို့ခံများက ဝေဖန်ကြသည်။
 
တောင်ဥက္ကလာပ ရ ရပ်ကွက်တွင်နေထိုင်သူ တဦးက “ကျနော်တို့ရပ်ကွက်က ၁၁ လမ်းမှာဆိုရင်မဲမထည့် ခင်တုန်းက တခြမ်း ခင်းပေးထားတယ်။ သူတို့လည်း မဲရပြီးသွားရော ထပ်မခင်းပေးတော့ဘူး။ ကိုယ်တိုင်ပဲ ခင်းရမလား၊ သူတို့ ဆက်ခင်းမလားဆိုတာ ဒီနေ့ထိ ဘာမှ မသိရသေးဘူး” ဟု မဇ္စျိမကို ပြောသည်။
 
အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာတဦးက “သူတို့က လုပ်ပေးတဲ့ နေရာမှာလည်း မျက်နှာလိုက်ပြီးလုပ်တာ တွေ တွေ့ရတယ်။ မြို့နယ်ကြီးတွေမှာ ဆိုရင်တော့ အဲဒါမျိုးလုပ်တာ နည်းတယ်။ ဆင်ခြေဖုံးမြို့တွေမှာ အခြေခံ လူတန်းစားတွေနေတဲ့ မြို့နယ်တွေကို အဲလိုမျိုး အများဆုံး လုပ်တာတွေ့ရတယ် မတူဘူး” ဟု ပြောသည်။
 
တောင်ဒဂုံမြို့နယ်၌ ခင်းရန် ကျန်ရှိနေသေးသည့် လမ်းများကို ထပ်ခင်းရန်အတွက်ရပ်ကွက်တွင်းနေထိုင်သူ များ အနေဖြင့် ကြံ့ဖွံ့ပါတီဝင်အဖြစ် လက်မှတ်ထိုးပေးမှသာလျှင် လမ်းများကို ဆက်လက်ခင်းပေးသွားမည်ဟု လာရောက်ပြောဆိုမှုများ ရှိကြောင်း တောင်ဒဂုံ ၁၈ ရပ်ကွက်တွင် နေထိုင်သူတဦးက မဇ္စျိမကို ပြောသည်။
 
အလားတူ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဗိုလ်ချုပ်လှထွန်း ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင်လည်း ရွေးကောက်ပွဲမတိုင်မီ အတိုးသက်သာစွာဖြင့် ငွေတိုးချပေးခြင်းများ ရှိသော်လည်း ရွေးကောက်ပွဲကာလ နောက်ပိုင်းတွင် ထိုသို့ ပြုလုပ်ပေးခြင်းများ မရှိတော့ဟု မြို့ခံများက ပြောသည်။
 
သို့သော် စည်ပင်သာယာရေးဌာန ဘဏ္ဍာငွေကို အသုံးပြုကာ လမ်းပြုပြင်မှု၊ အသစ်ခင်းမှုများ ပြုလုပ်ပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးက လှူဒါန်းသည့်ပုံစံ တံဆိပ်ကပ်လုပ်ဆောင်ကာ မဲဆွယ်ခဲ့သည်ဟု လေ့လာသူများက ပြောသည်။
 
ကြံ့ဖွံ့ပါတီသည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအမည်ဖြင့် စစ်အစိုးရက ထူထောင်ခဲ့ပြီး၊ ရွေးကောက်ပွဲ မတိုင်မီတွင် ပါတီအဖြစ် ပြောင်းလဲခဲ့သည်။ ရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက်  ကြံ့ဖွံ့ပါတီက ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် အနိုင်ရခဲ့သည်။

Most read this week