ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်

ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။      ။ အစိုးရသစ်တက်ပြီး နောက် လစ်လပ်နေသည့် ရန်ကုန်မြို့တော်ဝန် နေရာ၌ သံအမတ်ဟောင်း ဦးလှမြင့်ကိုခန့် အပ်ကြောင်း ကြာသပတေးနေ့ထုတ်မြန်မာ့ အလင်း သတင်းစာတွင် တရားဝင်ဖော်ပြ လိုက်သည်။

U-Hla-Myintသမ္မတသစ် ဦးသိန်းစိန်၏ အမည်ဖြင့် ထုတ်ပြန်ပြီး “ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (င) နှင့် (စ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉ ၊ ပုဒ်မခွဲ (ဂ) နှင့် တိုင်းဒေကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေပုဒ်မ (၄)၊ ပုဒ်မခွဲ (ခ) တို့အရ အောက်ပါပုဂ္ဂိုလ်များအား မြို့တော်ဝန်များအဖြစ်ခန့်အပ်တာဝန်ပေးလိုက် သည်” ဟု ဖော်ပြပါရှိသည်။

ဦးလှမြင့်သည် ၁၉၆၇-၁၉၇၁ ခုနှစ်အထိ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၁၃ တွင်တက် ရောက် ခဲ့ပြီး၊ ၁၉၇၁-၂ဝဝ၂ ခုနှစ်အထိ တပ်ထဲတွင် ဒုဗိုလ်အဆင့်မှ ဗိုလ်မှူးချုပ်အထိတာဝန်ထမ်းဆောင် ခဲ့သည်။ ထို့နောက် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ရောက်ရှိခဲ့သည်။ ၂ဝဝ၂-၂ဝဝ၅ ခုနှစ်အထိ ဘရာဇီးနှင့် အာဂျင်တီးနားအတွက် မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ယူကာ၊ ၂ဝဝ၅-၂ဝ၁ဝ ခုနှစ်အထိဂျပန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည်။

ယခင်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းမှာ ၂ဝဝ၃ ခုနှစ်ကတည်းက ရန်ကုန်မြို့တော်ဝန် ဖြစ်ခဲ့ပြီး၊ ယခင်က လူမှုရေးအသင်း ဖြစ်ခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ဗဟိုအလုပ်မှုဆောင်အဖွဲ့တွင် ပါဝင်ခဲ့သည်။ ထို့နောက် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ ပြည်သူ့လွှတ်တော်အတွက် ရန်ကုန်တိုင်း တောင်ဥက္ကလာပမှ ယှဉ်ပြိုင်အနိုင်ရခဲ့သည်။

မန္တလေးမြို့တော်ဝန်ကိုမူ မူလမြို့တော်ဝန် ဦးဖုန်းဇော်ဟန်ကိုပင် ပြန်လည်ခန့်အပ်ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

Most read this week