ရှမ်းပြည် ငလျင်ဒဏ်ခံ ဒေသတွင် သောက်သုံးရေ ရရှိမှု အခက်အခဲနှင့် ကြံုတွေ့နေရပြီး ဒေသအချို့တွင် ဝမ်းရောဂါဖြစ်ပွားမှု ရှိနေကြောင်း အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုလအဖွဲ့အစည်းများက ကြေငြာသည်။ ...
နယူးဒေလီ (မဇ္စျိမ) ။ ။ ရှမ်းပြည် ငလျင်ဒဏ်ခံ ဒေသတွင် သောက်သုံးရေ ရရှိမှု အခက်အခဲနှင့် ကြံုတွေ့နေရပြီး ဒေသအချို့တွင် ဝမ်းရောဂါဖြစ်ပွားမှု ရှိနေကြောင်း အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုလအဖွဲ့အစည်းများက ကြေငြာသည်။
ငလျင်ကြောင့် ရေပိုက်များ၊ ရေတွင်း၊ ရေလှောင်ကန်များ ပျက်စီးဆုံးရှုံးကုန်၍ သောက်သုံးရေ ရရှိမှု အခက်အခဲများ ကြံုတွေ့နေရကြောင်း၊ ဒေသအချို့တွင် ဝမ်းရောဂါများ ဖြစ်ပွားနေကြောင်း UNICEF နှင့် World Vision တို့၏ တွေ့ရှိချက်များကို ကိုးကား၍ ယနေ့ထုတ်ပြန်သည့် ကုလသမဂ္ဂ လူသားခြင်း စာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ အဖွဲ့အစည်း UNOCHA အစီရင်ခံစာတွင် ဖော်ပြထားသည်။
အင်အား ၆.၈ ရချစ္စတာစကေးရှိ အင်အားပြင်း ငလျင်ဒဏ် ခံခဲ့ရသည့် တာလေဒေသတွင် အအေးမိနှင့် ဝမ်းရောဂါ ကုသပေးရမှု ပိုမိုများပြားလာကြောင်း နာရောင်း ကျေးရွာအုပ်စုမှ ပေသာလ ၁၊ ပေသာလ ရွာဟောင်းနှင့် နပိုရှာ စသည့်ရွာ ၃ ရွာ၌ ဝမ်းရောဂါသည် ၉၆ ဦး ရှိနေကြောင်း World Vision က ထုတ်ပြန်ထားသည်။
သို့ရာတွင် တာလေမြို့ပေါ်၌ ဝမ်းရောဂါ ဖြစ်ပွားမှု မရှိသလောက်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ငလျင်လှုပ်အပြီး ၆ ရက်အကြာ ရှင်းလင်းရေးလုပ်ငန်းများ ပြီးစီးလုနီးပါး ဖြစ်နေသော်လည်း ဒေသခံများမှာ ယာယီတဲများဖြင့်သာ နေထိုင်နေရကြောင်း မြို့ခံတဦးက မဇ္စျိမကို ပြောသည်။
“ယာယီတဲတွေ အားလုံးနီးပါး ထိုးပြီးပြီခင်ဗျ။ အစုလိုက် အဖွဲ့လိုက် မဟုတ်ဘဲနဲ့ လိုတဲ့နေရာတွေ လိုက်ထိုးပေးနေပါတယ်။ ကျနော် အခု တဲထဲကနေ ထိုင်ပြောနေတာပါ။ အပျက်အစီးတွေကိုလည်း စက်ကြီးတွေနဲ့ အားလုံး ရှင်းပေးနေတယ်။ တော်တော်တော့ ပြီးနေပါပြီ”ဟု မဇ္စျိမကို ပြောသည်။
ကုလအဖွဲ့အစည်းအချို့နှင့် ပုဂ္ဂလိကစေတနာရှင်များက အစားအသောက်၊ ဆေးပစ္စည်း၊ စောင်များ၊ ဖျာများ လာရောက် လှူဒါန်းနေကြောင်းလည်း မြို့ခံက ပြောသည်။
မြန်မာ့ငလျင်ဘေးအတွက် အိန္ဒိယအစိုးရက ဒေါ်လာ ၁ သန်း၊ တရုတ်အစိုးရက ဒေါ်လာ ၅ သိန်း၊ ထိုင်းအစိုးရက ဘတ်ငွေ ၃ သန်း ကူညီမည်ဟု ကြေငြာပြီး တရုတ်ချစ်ကြည်ရေးအသင်း ၂ ခု ကလည်း ပီကင်းရှိ သံအမတ်ကြီး ဦးတင်ဦးကို ယွမ် ၁ သိန်း သွားရောက် လှူဒါန်းခဲ့သည်။
ငလျင်ဒဏ်သင့် ဒေသမှ အိမ်ထောင်စု ၁,၅ဝဝ (လူဦးရေ ရ,၅ဝဝ ခန့်) အတွက် ၃ လတာ ကူညီပံ့ပိုးရန် ဆွစ်ဖရန့်ငွေ ၁၅၇,၅၄ဝ (အမေရိကန်ဒေါ်လာ ၁၇ဝ,ဝဝဝ ကျော်) ထောက်ပံ့ပေးမည်ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ IFRC က ကြေငြာထားသည်။
ငလျင်ဒဏ်သင့် ဒေသများသို့ ကုလသမဂ္ဂ အေဂျင်စီ တာဝန်ခံများ မကြာမီရက်ပိုင်းအတွင်း သွားရောက်ကြည့်ရှုမည်ဟုလည်း OCHA အစီရင်ခံစာတွင် ဖော်ပြထားသည်။
မတ်လ ၂၄ ရက် ည ၈ နာရီခွဲ အချိန်က လှုပ်ခတ်သွားသည့် အင်အားကြီး ငလျင်ကြောင့် သေဆုံးသူ ရ၄ ဦး၊ ဒဏ်ရာရသူ ၁၂၅ ဦး၊ အစိုးရ အဆောက်အဦးနှင့် အိမ် ၃ဝ၅ လုံး၊ ကုတင် ၁၆ လုံးဆံ့ တာလေ ဆေးရုံ၊ ကျောင်း ၁၁ ကျောင်းနှင့် ဘာသာရေးအဆောက်အဦ ၃၁ ခု ပျက်စီးကြောင်း အစိုးရက နောက်ဆုံးကြေငြာချက် ထုတ်ပြန်ထားသည်။
ယင်းကြေငြာချက်သည် ငလျင်လှုပ်ပြီး ၁၇ နာရီအကြာ မတ်လ ၂၅ ရက် နေ့လည် ၁ နာရီ ၃၅ မိနစ် သတင်းအချက်အလက်ဖြစ်ပြီး ယင်းနောက်ပိုင်း သေဆုံး၊ ဒဏ်ရာရနှင့် ပျက်စီးဆုံးရှုံးမှု စာရင်းကို ထပ်မံထုတ်ပြန်ခြင်း မရှိသေးပေ။