အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အစိုးရသစ်နှင့် ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း ပြောဆိုလိုက်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီထံမှ ယနေ့တွင် အာဏာ လွှဲပြောင်းယူခဲ့သည့် အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံတွင် လိုအပ်သည့် ...
နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အစိုးရသစ်နှင့် ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း ပြောဆိုလိုက်သည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီထံမှ ယနေ့တွင် အာဏာ လွှဲပြောင်းယူခဲ့သည့် အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံတွင် လိုအပ်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲများဖြစ်လာရန် မျှော်လင့်ကြောင်း NLD က ပြောဆိုခြင်းဖြစ်သည်။
“ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာရေးကို မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံကို ခေတ်မှီဖွံ့ဖြိုးတဲ့ ဒီမိုကရေစီ နိုင်ငံအဖြစ် ငြိမ်းချမ်းစွာ ပြောင်းလဲစေလိုပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၉ ခုနှစ်ကတည်းကနေ အခုတည်း တောက်လျှောက် လုံးပန်းလာခဲ့ကြတာပါ” ဟု NLD ဥက္ကဌ ဦးတင်ဦးက ပြောသည်။
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရအဖွဲ့ကို နအဖက အာဏာ လွှဲပြောင်းပေးလိုက်သော်လည်း ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးသန်းရွှေ၏ သြဇာမှာ လွှမ်းမိုးနေဦးမည်ဟု ဦးတင်ဦးက ယုံကြည်နေသည်။
သမ္မတသစ်က ပြည်ထောင်စု လွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ပထမဆုံးပြောကြားသည့် မိန့်ခွန်းတွင် အခြေခံဥပဒေနှင့် လမ်းပြမြေပုံကို လက်မခံသည့် ပြင်တွင်းပြည်ပ အဖွဲ့များက တိုင်းပြည်ဂုဏ်သိက္ခာ ကျဆင်းအောင် ပြောဆိုပြုမူမှုများ မပြုလုပ်ရန် ပါရှိသည်။
အခြေခံဥပဒေကို ပြင်ဆင်လိုပါက ရွေးကောက်ပွဲဝင်ကာ အခြေခံဥပဒေပါ လုပ်ထုံးလုပ်နည်းများနဲ့အညီ ပြင်ဆင်နိုင်သည့် အခွင့်အရေးရှိသဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့်အာဏာ ရယူနိုင်ရန် တခါးဖွင့်ထားကြောင်း အတိုက်အခံများနှင့် ပတ်သတ်ပြီး ထည့်သွင်း ပြောဆိုခဲ့သေးသည််။