မြောက်ကိုရီးယား အပါအဝင် မြန်မာ့ အိမ်နီးချင်းနို င်ငံများက သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတများထံ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က အင်္ဂါနေ့လွှတ်တော် အစည်းအဝေးတွင် ဖတ်ကြား မှတ်တမ်းတင်ခဲ့ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ မြောက်ကိုရီးယား အပါအဝင် မြန်မာ့ အိမ်နီးချင်းနို င်ငံများက သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတများထံ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က အင်္ဂါနေ့လွှတ်တော် အစည်းအဝေးတွင် ဖတ်ကြား မှတ်တမ်းတင်ခဲ့ကြောင်း လွှတ်တော်အမတ်များထံမှ စုံစမ်းသိရသည်။
မြောက်ကိုရီးယား၊ တရုတ်၊ အရှေ့တောင်အာရှနိုင်ငံများမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့သော်လည်း မြန်မာ့ ဒီမိုကရေစီရေး ထောက်ခံအားပေးနေသည့် အမေရိကန်၊ အင်္ဂလန်နှင့် ဥရောပနိုင်ငံများမှ သဝဏ်လွှာ ပေးပို့ခြင်းများကို မတွေ့ရကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်ကဆိုသည်။
“ဥရောပနိုင်ငံတွေက ပို့တာတော့ လုံးဝမပါဘူး၊ အဖွဲ့အစည်းထဲကဆိုလို့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ကုလသမဂ္ဂကပဲပါတယ်” ဟုသူကပြောသည်။
ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌက အင်္ဂါနေ့ လွှတ်တော်အစည်းအဝေးတွင် မှတ်တမ်းတင်ခဲ့သည့် သဝဏ်လွှာများမှာ တရုတ်၊ မြောက်ကိုရီးယား၊ ဂျပန်၊ တောင်ကိုရီးယား၊ ကုလသမဂ္ဂ၊ နီပေါ၊ ကျူးဘား၊ ပါလက်စတိုင်း၊ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျ၊ အီရန်နှင့် အရှေ့တောင်အာရှ နိုင်ငံများမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ဖြစ်သည်။
အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒေါက်တာ မြတ်ဉာဏစိုးက လွှတ်တော်နှင့် ပတ်သက်သက်သည့် ဝမ်းမြောက်ကြောင်း အဆို ၃ ရပ်ကို တင်သွင်းခဲ့ပြီး ပြည်ထောင်စု လွှတ်တော်ကမှတ်တမ်းတင်ခဲ့သည်။
ထို့အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ရေးနှင့်ပတ်သက်သည့် လွှတ်တော်အမတ်များ၏ အမေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးတင်နိုင်သိန်းက ပြန်လည် ဖြေကြားရာတွင် နယ်စပ်လုံခြံုရေး၊ ကုန်သွယ်မှု ချောမောစွာ စီးဆင်းနိုင်ရေး၊ နှစ်နိုင်ငံသဘောတူညီချက်၊ ကုန်သွယ်မှုပမာဏ စသည်တို့ ကိုက်ညီမှု မရှိခြင်းကြောင့် ဖေါ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း ပြန်ဖြေခဲ့သည်။
တောင်သူများ ပိုးသတ်ဆေးသုံးစွဲခြင်းနှင့်စပ်လျင်းသည့်မေးခွန်းကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဌေးဦးက ပြန်လည်ဖြေကြားခဲ့သည်။ ပိုးသတ်ဆေး ၁၉ မျိုး ရောင်းဝယ်ခွင့် ပိတ်ခဲ့ပြီး အာနိသင်မရှိသည့် ဆေးများဈေးကွက်အတွင်းရောင်းချခြင်းတွေ့ပါက အကြောင်းကြားနိုင်ပြီး အရေးယူသွားမည်ဖြစ်ကြောင်း ဖြေခဲ့သည်ဟု လွှတ်တော်အမတ်များကပြောသည်။
ထို့အပြင် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး ကိစ္စများကို လွှတ်တော်အမတ်များက မေးမြန်းကြရာ ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်က ဆောက်လုပ်ဆဲနှင့် ဖောက်လုပ်ဆဲဖြစ်ကြောင်း ပြန်ဖြေခဲ့သည်။
အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကြံ့ခိုင်ရေးအမတ်များဖြစ်သည့် ဦးဝင်းမြင့်၊ ဦးမြင့်အောင်၊ ဦးကျော်ကျော်ဌေး၊ ဦးခင်မောင်အေး တို့ လေးဦး လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်သွားကြသည်။
ထိုနုတ်ထွက်သွားသူများမှာ မဖွဲ့ရသေးသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် ထမ်းဆောင်ရန် ဖြစ်နိုင်ကြောင်း လွှတ်တော်အမတ်များက သုံးသပ်သည်။
ယနေ့ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးကို မနက်ပိုင်း ၁ဝ နာရီတွင် စတင်ပြီး နေ့လယ် ၁၂ နာရီခွဲတွင် ပြီးဆုံးသည်။ ဗုဒ္ဓဟူးနေ့တွင် နိုင်ငံတော်သမ္မတ ကျမ်းကျိန်ရန်ရှိပြီး ပြည်ထောင်စုလွှတ်တော်တွင် အစမ်းလေ့ကျင့်နေပြီဟုလည်း လွှတ်တော်အမတ်များကပြောသည်။
ဗုဒ္ဓဟူးနေ့တွင် ပြည်ထောင်စုလွှတ်တော်ကို နံနက် ၁၁ နာရီတွင် ကျင်းပရန်ရှိသော်လည်း အမတ်များ၏ မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းမှုများ မရှိတော့ဟု သိရသည်။