ရှမ်းပြည် ငလျင်သင့်ဒေသသို့ ကူညီမည်ဟု NLD ပြော

ရှမ်းပြည် ငလျင်သင့်ဒေသသို့ ကူညီမည်ဟု NLD ပြော
by -
ကျော်ခ

ရှမ်းပြည်နယ်အတွင်း ငလျင်ဒဏ်ခံရသည့် ဒေသများသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က သွားရောက်ကူညီမည်ဟု ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။ ..

ချင်းမိုင် (မဇ္ဈိမ) ။      ။ ရှမ်းပြည်နယ်အတွင်း ငလျင်ဒဏ်ခံရသည့် ဒေသများသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က သွားရောက်ကူညီမည်ဟု ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

တာလေမြို့နယ် မိုင်းလင်းရွာမှ ငလျင်ကြောင့် ပြိုပျက်သွားသည့် ဘာသာရေးအဆောက်အအုံများကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-မဇ္စျိမ)ပြင်းအားအဆင့် ရစ်ချက်စကေး ၆.၈ ရှိ ငလျင်ကြောင့် တာလေ၊ ကျကူနီ၊ မိုင်းလင်း၊ တာချီလိတ်နှင့် နားယောင်းတွင် လူဦးရေ ၁၅ဝ ကျော် သေဆုံးခဲ့ပြီး၊ လူဦးရေ ထောင်ချီကာ အိုးအိမ်ပျက်စီး ဆုံးရှုံးခဲ့ရသည့် ဒေသခံများ၏ စားဝတ်နေရေးနှင့် ဆေးဝါးများ ကူညီသွားနိုင်ရန် မတ်လ ၂၉ ရက် အင်္ဂါနေ့တွင် ပြုလုပ်မည့် ဗဟိုအလုပ်မှု ဆောင်အစည်းအဝေး၌ စီမံခန့်ခွဲသွားမည်ဟု သိရခြင်း ဖြစ်သည်။

“ငလျင်ဒဏ်ခံလိုက်ရတဲ့ ဒေသတွေကို စားဝတ်နေရေး၊ ဆေးဝါးနဲ့၊ လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်အောင် ကျနော်တို့ စီစဉ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး တိုင်းနဲ့ ပြည်နယ်မှာ ရှိတဲ့ NLD ရုံးတွေကို အကူအညီတွေ ပေးနိုင်ကြဖို့အတွက် ဒီနေ့ စာထုတ်ပြီး ပို့ပါတယ်” ဟု ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။

ငလျင်သင့် ဒုက္ခသည်များကို အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များမှ လူမှုရေး ဘာသာရေး အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရဝန်ထမ်းများက ကူညီနေသော်လည်း လိုအပ်ချက် များစွာရှိနေကြောင်း ငလျင်ထိဒေသများသို့ သွားရောက်ကူညီသည့် လူမှုကူညီရေးအဖွဲ့များက ဆိုသည်။

ထို့ပြင် ယခုအခါ ရာသီဥတု အအေးဒဏ်ကို ငလျင်ဘေးဒုက္ခသည်များ ခံစားနေကြရသလို ငလျင်အသေးစားများ နေ့စဉ် လှုပ်ခတ်နေသဖြင့် ဒေသခံများမှာ ကြောက်လန့်နေကြသည်ဟု ဒေသတွင်း ကွင်းဆင်း၍ ကူညီနေသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီ၏ အရှေ့ပိုင်း ဥက္ကဋ္ဌ ဒေါ်နန်းငွေမြက ပြောသည်။

“ရှင်းရှင်းပြောရရင် ဖြစ်တဲ့ နေရာတိုင်းမှာ အကုန်လုံး လိုနေတယ်လို့ပဲ ပြောရမှာပဲရှင့်။ ဘာဖြစ်လိုလဲဆိုတော့ ဖြစ်တုန်းက တချို့ရွာတွေက အိမ်တော်တော်များများ ပြိုကျကုန်တာဆိုတော့ နေစရာမရှိဘူး။ အပြင်မှာ တဲထိုးနေတာ။ အခုလောလောဆယ်တော့ အစားအသောက်၊ အနွေးထည်၊ စောင်နဲ့ နေရာထိုင်ခင်း အရေးပေါ်လိုမယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ပုဂ္ဂလိက အလှူရှင်များမှ လာရောက်လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများနှင့်အတူ မိုင်းလင်းရွာ ဒေသခံများအား တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-မဇ္စျိမ)ထို့ပြင် ငလျင်ဒဏ် နောက်ထပ်ကြုံတွေ့မည်ကို စိုးရိမ်ကြသည့် မိသားစုများမှာ နီးစပ်ရာ အဖွဲ့များ စုဖွဲ့၍ တာလေမြို့နှင့် ၁ဝ မိုင်ကွာ အပြင်ဘက်သို့ ထွက်ခွါသွားကာ နေထိုင်ကြသဖြင့် ၎င်းတို့အတွက် ထမင်းထုပ်နှင့် အကူအညီများ ပေးဝေရန် ခက်ခဲသည်ဟု ဆိုသည်။

ယနေ့မနက်တွင် ကျားဖြူပါတီ၏ ဥက္ကဋ္ဌ ဦးအိုက်ပေါင်းက ငလျင်ဘေးကူညီရန်အတွက် ပါတီတာဝန်ရှိသူများခေါ်ယူ၍ အလှူခံပြီး ကျပ် ၁ဝ သိန်းနှင့် အဝတ်အထည်များ ပို့ပေးလိုက်ပြီဟု SNDP တာဝန်ရှိသူများက ပြောသည်။

NDL ကလည်း တနင်္လာနေ့တွင် ပြည်နယ်နှင့် တိုင်းများရှိ ပါတီရုံးခွဲများသို့ စာပို့ထားသဖြင့် တပတ်အတွင်း အကူအညီလိုသည့် ကျေးရွာနှင့် မြို့များသို့ သွားရောက်ကူညီမည်ဟု တောင်ကြီးမြို့နယ် NLD အထွေထွေ အတွင်းရေးမှူး ဒေါ်ခင်မိုးမိုးက ပြောပြသည်။

“ကျမတို့ကတော့ အစားအသောက်၊ ဆေးဝါးနဲ့ အမိုးအကာတွေကို အဓိကထားပြီး ကူညီသွားဖို့ ရှိပါတယ်။ နောက်ပိုင်းမှာလည်း အခြေအနေအရ နိုင်ရင် နိုင်သလို ကူညီသွားမှာပါ” ဟု သူက မဇ္စျိမကို ပြောသည်။

ငလျင်ဖြစ်ပွားရာဒေသရှိ ကျိုင်းတုံနှင့် တာချီလိတ် မြို့များတွင် NLD ရုံးခွဲများရှိပြီး ထိုရုံးခွဲ တာဝန်ရှိသူများကလည်း ကွင်းဆင်း၍ ထမင်းထုပ်များနှင့် ဆေးဝါးများ ကူညီနေသည်ဟု ယင်းမြို့နယ် ၂ မြို့နယ်ရှိ NLD တာဝန်ရှိသူများက မဇ္စျိမကို ပြောပြကြသည်။