NLD အခမဲ့ ဆေးခန်းဖွင့်

NLD အခမဲ့ ဆေးခန်းဖွင့်
by -
သဲသဲ

ရန်ကုန်တိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ ဆင်းရဲနွမ်းပါးသူများကို အခမဲ့ ဆေးကုပေးရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တနင်္လာနေ့တွင် ဆေးခန်းတခု ဖွင့်လှစ်လိုက် ...

နယူးဒေလီ (မဇ္စျိမ) ။       ။ ရန်ကုန်တိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ ဆင်းရဲနွမ်းပါးသူများကို အခမဲ့ ဆေးကုပေးရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တနင်္လာနေ့တွင် ဆေးခန်းတခု ဖွင့်လှစ်လိုက်သည်။

ကုသိုလ်ဖြစ် ဆေးကုခန်းကို တောင်ဒဂုံ ရဝ ရပ်ကွက်ရှိ ဦးသိန်းစိုး နေအိမ်၌ တနင်္လာနေ့တိုင်း မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ဖွင့်လှစ်မှာ ဖြစ်သည်။

“ဒီလူတွေအတွက် တရက်ဆိုတရက် သိသာတော့ ဆေးခန်းကို ရှိတဲ့ငွေနဲ့ အမြန်ဖွင့်လိုက်တာ။ ကုတင်ရယ်လို့တောင် မရှိသေးပါဘူး။ ကြမ်းပြင်မှာ စောင်ခင်းပြီးတော့ လောလောဆယ် ကုပေးနေတာ” ဟု ဒဂုံမြို့နယ် NLD တွဲဘက်အတွင်းရေးမှူး ကိုညီညီက မဇ္စျိမကို ပြောသည်။  စတင်ဖွင့်လှစ်သည့်နေ့တွင် လူနာ ၄ဝ ကျော် လာရောက်ကုသမှု ခံယူခဲ့သည်ဟု ဆိုသည်။

လူနာများကို Blood Give (BG) သွေးအကူအညီပေးရေး အဖွဲ့ကလည်း အဝတ်အစားနှင့် ဆန်နို့ဆီဘူး ၂ လုံးစီ ဝေငှပေးခဲ့သေးသည်။ BG မှာ NLD ပါတီဝင်နှင့် ပါတီဝင်မဟုတ်သည့် လူငယ်များ စုဖွဲ့ထားပြီး၊ အရေးပေါ် သွေးလှူဒါန်းကာ လူမှုကူညီရေးများ လုပ်ကိုင်ကြသည်။

လိုအပ်သည့် ဆေးဝါးနှင့် ကုန်ကျစရိတ်များအတွက် NLD အဖွဲ့ဝင်များ၏ လှူဒါန်းငွေဖြင့် မတည်ခဲ့ကာ၊ ရေရှည်အတွက် အလှည့်ကျ ကုသပေးနိုင်မည့် ဆရာဝန်၊ အကူဝန်ထမ်းများနှင့် ဆေးဝါးဝယ်ယူရန် ရန်ပုံငွေ မရှိသေးကြောင်း ကိုညီညီက ပြောသည်။

“လောလောဆယ် ဘာရန်ပုံငွေမှကို မရှိတာ။ အခုဖွင့်တာလည်း ကျနော်တို့ မြို့နယ်(စည်း)က ရှိတဲ့ငွေတွေ နည်းနည်းစီ စုပြီး လုပ်ထားပါ။ ဆေးခန်းနာမည်လည်း မရှိသေးပါဘူး” ဟု သူက ဆိုသည်။

တောင်ဒဂုံ ၆၉ ရပ်ကွက်တွင် မတ်လ ၁၁ ရက်နေ့၌ လေပြင်းကျရောက်သဖြင့် အိမ်ခြေ ၁၅ဝ ခန့် ပျက်စီးခဲ့ရာ၊ အခင်းဖြစ်ရာသို့ NLD ပါတီဝင်များက သွားရောက်၍ ဆေးကုသပေးခဲ့ကြသေးသည်။

၎င်းတို့ဆေးခန်းတွင် မကုသနိုင်သည့် လူနာများကိုမူ သက်ဆိုင်ရာ ဆေးရုံများ၌ သွားရောက်ကုသနိုင်ရန် အလုပ်ဖြစ်မြောက်ရေး ကော်မတီက စီစဉ်ပေးသွားမည်။ ကော်မတီကို ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ရန် မတ်လ ၁၇ ရက်နေ့တွင် ဒဂုံမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ရ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မတ်လ ၁၈ ရက်နေ့တွင် ပြီးဆုံးခဲ့သည့် NLD ပြည်နယ်/တိုင်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အရှိန်မြင့်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် အခမဲ့ ကုသိုလ်ဖြစ်ဆေးခန်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထို့ပြင် ဂီရီမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ ကျီးခေါင်းတောင်စေတီ ထီးတော်အား ဒေါ်အောင်ဆန်းစုကြည်နှင့် အများပြည်သူက လှူဒါန်းကြောင်း ကမ္ဗည်းထိုးကာ မတ်လ ၁၉ ရက်နေ့တွင် ကျရောက်ခဲ့သည့် တပေါင်းလပြည့်နေ့တွင် လှူဒါန်းခဲ့သေးသည်။

Most read this week